၁၀. ၁၂. ၂၀၂၂
Written by Nay Moe
ရန်ကုန်တိုင်းအတွင်း ဒီဇင်ဘာ ၅ ရက်ကဖြစ်ပွားသည့် အလုံပိတ်ကားဖြင့်ခိုးဝင်လာသူ ဘင်္ဂါလီ(မူရင်းတွင် ရိုဟင်ဂျာ) လူငယ် ၁၃ ဦး အသက်ရှူကျပ်သေဆုံး၍ လမ်းဘေးတွင် အလောင်းစွန့်ပစ်ခံရမှုအပေါ် NUG တုန်လှုပ်နေသည်ဟု ယနေ့တွင် ထုတ်ပြန်သည်။
ဒီဇင်ဘာ ၅ ရက်တွင် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်၌ ဘင်္ဂါလီရုပ်အလောင်း ၁၃ လောင်းမှာ ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေသဖြင့် လမ်းဘေးတွင် စွန့်ပစ်မှုဖြစ်ပွားခဲ့ပြီး ထိုသို့ စွန့်ပစ်သူများကို တာဝန်ရှိသူများက လိုက်လံရှာဖွေနေကြောင်း MT News သတင်းဌာနက သတင်းဖော်ပြခဲ့ပြီး ဖြစ်သည်။
MT News တွေ့ရှိရသည့် ပုံအချို့တွင်လည်း သေဆုံးသူများမှာ ပြင်ပဒဏ်ရာမရှိသည်ကို တွေ့ရသော်လည်း NUG ကမူ သေဆုံးသူများထဲတွင် ကနဦးတွေ့ရှိချက်များအရ ရုပ်အလောင်းအချို့၌ ပြတ်ရှဒဏ်ရာများနှင့် ညှင်းပန်းနှိပ်စက်ခံထားရသည့် ဒဏ်ရာများ တွေ့ရှိရသည်ဟု ရေးသားထားသည်။
သေဆုံးရသည့်အကြောင်းအရင်းအား စစ်ဆေးရန်အတွက် ရန်ကုန်အထွေထွေရောဂါကုဆေးရုံကြီးသို့ ရုပ်အလောင်းများကို ပေးပို့ထားကြောင်းနှင့် စုံစမ်းစစ်ဆေးမှု ရလဒ်များ ပြီးစီးရန် စောင့်ဆိုင်းနေစဥ် ကာလအတွင်းတွင် ယခုဖြစ်စဉ်ကဲ့သို့သော ဘင်္ဂါလီများအား ပစ်မှတ်ထားကျူးလွန်သည့် အလားတူအစွန်းရောက်အကြမ်းဖက်မှုများ ထပ်မံဖြစ်ပေါ် လာနိုင်သည့်အပေါ် NUG အနေဖြင့် လွန်စွာစိုးရိမ်ပူပန်သည်ဟုဆိုသည်။
ထို့အတွက် ပြစ်မှုကျူးလွန်သူများအား တရားဥပဒေအတိုင်း အပြည့်အဝအရေးယူ၍ တရားမျှတမှုနှင့် အပြစ်ပေးဆပ်ခြင်းများကို ကျူးလွန်ခံရသူများနှင့် ၎င်းတို့၏ မိသားစုများထံ ဆောင်ကျဉ်းပေးရမည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။