MT News
၂၇. ၃. ၂၀၂၄
ယနေ့ ကျရောက်တဲ့ (၇၉) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနား တက်ရောက်ခဲ့ကြတဲ့ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ကြသူ အငြိမ်းစားတပ်မတော်အရာရှိကြီးတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ဇနီးဦးဆောင်တဲ့ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုတွေက ဂါရဝပြုကန်တော့ခဲ့ကြပါတယ်။
ဂါရဝပြုကန်တော့တဲ့အခမ်းအနားကို အငြိမ်းစားတပ်မတော်အရာရှိကြီး ၁၆ ဦးနဲ့ ဇနီး ၁၀ ဦးတို့ ကန်တော့ခံတက်ရောက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှတို့ဦးဆောင်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနဲ့ဇနီး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း၊ ရေ၊ လေ) က တပ်မတော်အရာရှိကြီးတွေနဲ့ ဇနီးတွေက တက်ရောက်ဂါရဝပြုကန်တော့ကြပါတယ်။
ကန်တော့ခံအငြိမ်းစားတပ်မတော်အရာရှိကြီးများကိုယ်စား ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဗိုလ်မှူးကြီး ညွန့်ဆွေနဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေးတို့ကလည်း ဒီလိုမျိုး နှစ်စဉ်နှစ်တိုင်း တပ်မတော်နေ့ရောက်တဲ့အချိန်တိုင်း တပ်မတော်အငြိမ်းစားအရာရှိကြီးတွေနဲ့ ဇနီးများကို ဂါရဝပြုကန်တော့တာက တပ်မတော်ရဲ့ ကောင်းမြတ်တဲ့ဂုဏ်ယူဖွယ်အစဉ်အလာကောင်းတစ်ခုဖြစ်သလို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ဇနီး အမှူးပြုတဲ့ တပ်မတော်သား မိသားစုဝင်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြစေဖို့ ဆုမွန်ကောင်းတောင်းပေးခဲ့သလို အခြားဩဝါဒစကားတွေလည်း ပြောကြားခဲ့ပါတယ်။