၂၇. ၃. ၂၀၂၄
Written by Nay Moe
လက်ရှိအခြေအနေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ လူမျိုးရေးမုန်းတီးမှုလုပ်ဆောင်နေတဲ့အပြင် မူးယစ်ဆေးပါဖြန့်ချိနေတာနဲ့ သယံဇာတခိုးထုတ်တာပါ လုပ်ဆောင်နေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဒီနေ့ကျရောက်တဲ့ ၇၉ နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားပါတယ်။
“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့နဲ့ အကြမ်းဖက် အဖွဲ့အစည်းများဟာ လက်နက်ဖြင့်အကြောက်တရားကိုဖန်တီးပြီး လူသစ်စုဆောင်းမှုတွေကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိတဲ့အပြင် လူမျိုးရေးမုန်းတီးမှုကို ရှေ့တန်းတင်လှုံ့ဆော်လျက်ရှိတာကိုလည်း တွေ့ရတယ်။ လူမျိုးစုများစွာရှိတဲ့တို့နိုင်ငံမှာ လူမျိုးကိုအခြေခံပြီး လက်နက်ကိုင်အဖွဲ့များဖွဲ့စည်းခြင်းနဲ့ လက်နက်ကိုင်လှုပ်ရှားမှုများ လုပ်ဆောင်ခြင်းတွေဟာ ငြိမ်းချမ်းရေးနဲ့အလှမ်းဝေးစေပြီး တိုင်းပြည် စည်းလုံးညီညွတ်မှုကို ထိခိုက်ပျက်စီးစေလျက်ရှိတယ်။ ဒီလို အခြေအနေမျိုးမှာ လူငယ်အချို့ဟာလည်း ပြည်ဖျက်မီဒီယာအချို့ရဲ့ အပျက်သဘောဆောင်တဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို နားယောင်ပြီး သောင်းကျန်းသူများရဲ့ အသုံးချခံဖြစ်နေတာကို စိတ်မကောင်းဖွယ်ရာ မြင်တွေ့ရလျက်ရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်အကြမ်းဖက်သမားများဟာ သူတို့အင်အားတည်ဆောက်နိုင်ရေးအတွက် ဝေးလံခေါင်းပါးပြီး အသွားအလာခက်ခဲတဲ့နေရာမှာအခြေခံပြီး ဘိန်း၊ ဘိန်းဖြူနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှုများကရရှိတဲ့ ဝင်ငွေ၊ တရားမဝင်လမ်းကြောင်းက နိုင်ငံတော်သယံဇာတများ ခိုးထုတ် ရောင်းချမှုကရတဲ့ဝင်ငွေ၊ တရားမဝင်နည်းပေါင်းစုံသော လောင်းကစား ဝိုင်းများက ရတဲ့ဝင်ငွေနဲ့ လက်နက်ခဲယမ်းများ ဝယ်ယူတာ၊ ထုတ်လုပ်တာ၊ လူအင်အားစုဆောင်းတိုးချဲ့တာများ ပြုလုပ်ကြတယ်။ အဲဒီကတစ်ဆင့် တိုင်းရင်းသားရေး အကြောင်းအမျိုးမျိုးပြ လက်နက်စွဲကိုင်ပြီး နိုင်ငံတော်ကို ဆန့်ကျင်မှုပြုလုပ်နေတာ သူတို့ရဲ့ ခေတ်အဆက်ဆက် လုပ်ဆောင်ချက်များက သက်သေပြနေတယ်။ အဓိက ကတော့ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချခြင်းနဲ့ သယံဇာတ ခိုးထုတ်တဲ့လုပ်ငန်းကိုအခြေခံပြီး စခဲ့တာဖြစ်တဲ့အတွက် အန္တရာယ် ကြီးတဲ့အဖွဲ့အစည်းလို့ ပြောရမယ်။ ဒါကြောင့် သူတို့ကို ဘယ်သူကမှ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း မပတ်သက်ဖို့လိုကြောင်း ပြောကြားလိုတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နဲ့ ပြည်ပလက်ဝေခံ အဖွဲ့အစည်းအချို့ရဲ့ လုပ်ရပ်တွေဟာ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတို့ရဲ့ အကျိုးစီးပွား အတွက်မဟုတ်ဘဲ ၎င်းတို့နဲ့ ၎င်းတို့ရဲ့အဖွဲ့အစည်း အကျိုးအတွက်သာ ရှေးရှုလုပ်ဆောင်နေခြင်း၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတစ်ရပ် ဖော်ဆောင်ရေးကို ပျက်စီးအောင်လုပ်နေခြင်း ဖြစ်တယ်ဆိုတာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင် ပြည်နယ်နဲ့ နေရာဒေသအချို့မှာ ဖြစ်ပွားနေတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေက သက်သေခံလျက်ရှိတယ်။ ဒီမိုကရေစီနဲ့အညီ ဆောင်ရွက်နိုင်တာကို အဓမ္မနည်းနဲ့ ပြုလုပ်တာကြောင့် ဒေသခံများရဲ့ အကျိုးစီးပွား ပျက်စီးတာ၊ ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားခွင့် ဆုံးရှုံးတာပဲ ခံစားရတဲ့အတွက် အင်မတန်မိုက်မဲတဲ့လုပ်ရပ်လို့ ပြောလိုတယ်”လို့ တပ်ချုပ်ကပြောကြားပါတယ်။
ဒါကြောင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ် အဖွဲ့တွေအပါအဝင် လုံခြုံရေးတပ်ဖွဲ့တွေက ပြည်သူလူထုနဲ့ အတူလက်တွဲပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရတဲ့ ဒေသတွေကိုပါ တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိအောင် တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် ဆောင်ရွက်သွားရမယ့်အပြင် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် စွန့်လွှတ်စွန့်စားသူတွေကိုလည်း ထိုက်တန်စွာ ချီးမြှင့်ဂုဏ်ပြုသွားမယ်လို့ ဆက်လက်ပြောပါတယ်။
လက်ရှိအချိန်မှာတော့ တိုင်းရင်းသားလက်နက်ကိုင် MNDAA ဟာ သူသိမ်းထားတဲ့နယ်မြေမှာ ဗမာလက်မခံသလို နှစ်ပေါင်းများစွာနေထိုင်နေတဲ့ ဗမာတန်းကိုလည်း ဖျက်သိမ်းနေပါတယ်။ TNLA သိမ်းပိုက်နယ်မြေမှာလည်း ဗမာဆိုဖြတ်သန်းခွင့်မပြုဘဲ နှင်ထုတ်နေသလို AA လက်နက်ကိုင်တွေရဲ့ မူးယစ်ဆေးဖမ်းမိမှုကလည်း ကိုးကြိမ်မှာ ကျပ်ဘီလျံ ၃၀၀ နီးပါးရှိနေသလို ဘင်္ဂါလီတွေကိုနှိမ့်ချလူကုန်ကူးနေတာကြောင့်လည်း ဆန္ဒပြခံနေရပါတယ်။