MT News
၂၇. ၃. ၂၀၂၄
နိုင်ငံအာဏာကို တပ်မတော်က ထိန်းကျောင်းရယူထားတဲ့ဒီကာလမှာ NLD ပါတီကတစ်ဆင့်ပေါက်ဖွားလာတဲ့ CRPH၊ NUG၊ PDF တို့ရဲ့ အဆိုးရွားဆုံးလုပ်ရပ်ကတော့ နိုင်ငံ့ဝန်ထမ်းတွေ၊ ဆရာ၊ ဆရာမတွေနဲ့ ပညာရေးဆိုင်ရာဝန်ထမ်းတွေကို ခြိမ်းခြောက်အကျပ်ကိုင်တာ၊ လုပ်ကြံသတ်ဖြတ်တာနဲ့လူသားတံတိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်တာတွေဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီနေ့ကျရောက်တဲ့ ၇၉ နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းပြောကြားရာမှာ ထည့်သွင်းပြောကြားပါတယ်။
“တပ်မတော်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ်ကာလပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်ရဲ့တာဝန်ကို ထိန်းသိမ်းခဲ့ခြင်းဖြစ်ပေမယ့်လည်း ဒီလို ထိန်းသိမ်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီး နိုင်ငံရေးအသုံးချမှုများစွာနဲ့ ကြုံတွေ့ခဲ့ရတယ်။ အဲဒီအချိန်က ရွေးချယ်ခံကိုယ်စားလှယ်တွေကို လက်ရှိနိုင်ငံရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားဥပဒေနှင့်အညီ ဖြေရှင်း နိုင်စေဖို့အတွက် နေရပ်ဒေသအသီးသီးသို့ ပြန်လည်စေလွှတ်ပေးခဲ့တယ်။ ဒါပေမယ့် ရွေးကောက်ခံကိုယ်စားလှယ်များအဖြစ် ရပ်တည်ခွင့် မရှိတော့တဲ့သူတွေက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ “ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)” အမည်နဲ့ တရားမဝင်ကော်မတီကို ဖွဲ့စည်းခဲ့တဲ့အပြင် အဲဒီနှစ်၊ ဧပြီလ ၁၆ ရက် နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government -NUG) အမည်နဲ့ တရားမဝင်အစိုးရတစ်ရပ်ကို ဖွဲ့စည်းခဲ့ကြတယ်။ အဲဒီနောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (People Defence Force-PDF)ကို ဖွဲ့စည်းပြီး ၎င်းတို့ကို ထောက်ခံအားပေးသူတွေကို လက်နက်ကိုင်ဆူပူအုံကြွမှုများ လုပ်ဆောင်ဖို့ တွန်းအားပေး ဆောင်ရွက်လာခဲ့ကြတယ်။ လွှတ်တော်အသီးသီးရဲ့ ကိုယ်စားလှယ် တွေဟာ ဥပဒေပြုရေးကို အလေးထားဆောင်ရွက်ရတာဖြစ်လို့ တရားဥပဒေလေးစားလိုက်နာရေး၊ သိရှိနားလည်ရေးမှာ သူများထက် ပိုလိုအပ်တယ်။ သူတို့အနေနဲ့ တရားဥပဒေနဲ့အညီ ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်ဖို့မလုပ်ဘဲ အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်ခြင်းဟာ သူတို့ရဲ့ ဒီမိုကရေစီအပေါ်မှာ ဘယ်လိုလုပ် ယုံကြည်မှုရှိရမလဲဆိုတာ စဉ်းစားဖို့လိုတယ်။ အဲဒီအချိန်ကစပြီး မြန်မာနိုင်ငံအနှံ့အပြားမှာ မိုင်းထောင်ဖောက်ခွဲမှု၊ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှု၊ ပစ္စည်း လုယက်မှု၊ အတင်းအကျပ် ဆက်ကြေးတောင်းခံမှု၊ လုံခြုံရေးစခန်း တွေကို တိုက်ခိုက်မှုတွေသာမကဘဲ ၎င်းတို့နဲ့ အမြင်မတူသူများကို ဒလန်လို့စွပ်စွဲသတ်ဖြတ်မှု စတဲ့အကြမ်းဖက်လုပ်ရပ်တွေ မကြာခဏ ဖြစ်ပွားလာခဲ့တယ်။ အဆိုးရွားဆုံးကတော့ နိုင်ငံ့တာဝန်ထမ်းဆောင် နေတဲ့ အရပ်ဘက်ဝန်ထမ်းများ၊ အထူးသဖြင့် ဆရာ၊ ဆရာမများနဲ့ ပညာရေးဆိုင်ရာဝန်ထမ်းများကို ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ခြင်း၊ လူသားတံတိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်ခြင်းတွေ လုပ်ဆောင်နေတာပဲဖြစ်တယ်။ သူတို့ရဲ့အဓိက ရည်ရွယ်ချက်ကတော့ လူငယ်/ လူရွယ်တွေကို ပညာရေးနိမ့်ကျပြီး အမှား၊ အမှန်မခွဲခြားနိုင်ဘဲ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ် နောက်ကို လိုက်ပါလုပ်ဆောင်လာစေဖို့ပဲဖြစ်တယ်”လို့ ပြောကြားပါတယ်။
ဒီလိုလုပ်ရပ်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်လိုနိုင်ငံ၊ ဘယ်လို လူ့အဖွဲ့အစည်းကမှ လက်ခံနိုင်စရာမရှိတဲ့ ဒီအကြမ်းဖက်လုပ်ရပ်တွေကို အချိန်မီကာကွယ်တားဆီးရမှာဖြစ်ပြီး အဲဒီလိုလုပ်ဆောင်တဲ့ နေရာမှာ တပ်မတော်အနေနဲ့ ပြည်သူနဲ့အတူ လက်တွဲပြီး ပါဝင်ဆောင်ရွက်ရမှာဖြစ်သလို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း CRPH ၊ NUG ၊ PDF နဲ့ NLD အစွန်းရောက်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို အားပေးထောက်ခံမှု မပြုလုပ်သင့်သလို ပညာရေးကဏ္ဍကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဆန့်ကျင်ရှုတ်ချဖို့လိုအပ်တယ်လို့လည်း တပ်ချုပ်ကပြောပါတယ်။
တပ်မတော်အာဏာထိန်းသိမ်းတာကြောင့် ပေါ်ပေါက်လာတဲ့နွေဦးတော်လှန်ရေးစတင်တဲ့အချိန်ကနေ ၂၀၂၄ ခုနှစ် မတ်လ ၅ ရက်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ဆရာဆရာမ အပါအဝင် နိုင်ငံ့ဝန်ထမ်း ၁၁၂၄ ဦးနဲ့ ကျောင်းသားကျောင်းသူတွေစတဲ့ ပြည်သူ ၇၀၀၀ ကျော်ဟာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ NLD, NUG, PDF နဲ့ EAOs တို့ရဲ့ သတ်ဖြတ်မှု ခံထားရပါတယ်။