၂၇. ၃. ၂၀၂၄
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အနော်ရထားလမ်းနဲ့ ဆူးလေဘုရားလမ်းဆုံရာ မီးပွိုင့်အနီး လူကူးကုန်းကျော်တံတားအောက်မှာ ဒီနေ့ မတ်လ ၂၇ ရက် ည ၇ နာရီ ၄၀ မိနစ်ခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ပလုံကောက်ရောင်းချသူ ဆယ်ကျော် လူငယ် ယောကျာ်းလေး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရွှေရောင်နေ့သစ် လူမှုအထောက်အကူပြုအသင်း-မြိတ်မြို့ထံကနေ သိရပါတယ်။
ဗုံးပေါက်ကွဲတဲ့နေရာဟာ အနော်ရထာလမ်းနဲ့ ဆူးလေဘုရားလမ်းထောင့်၊ ကျောက်တံတားရဲစခန်းနဲ့ မျက်နှာချင်းဆိုင် ဆူးလေရှန်ဂရီလာပိုင်နက်က Sule Square ဘေး ဘတ်စ်ကားမှတ်တိုင်နှစ်ခုဆုံချက်နေရာက ကုန်းတံတားအောက်ဖြစ်ခဲ့တာပါ။
ဖြစ်စဥ်က ကြွပ်ကြွပ်အိတ် အမဲရောင်တစ်လုံးကို ဆွဲထုတ်လိုက်ရာက ပေါက်ကွဲမှု ဖြစ်ပွားပြီး ဦးခေါင်းနဲ့ ခန္ဓာကိုယ် အထက်ပိုင်း ထိခိုက်သူ၊ လည်ပင်း ရင်ဘတ် ထိခိုက်သူ၊ ပေါင် ခြေသလုံးနဲ့ ခန္ဓာကိုယ်အောက်ပိုင်းထိခိုက်ဒဏ်ရာရရှိသူ အသီးသီး ရှိခဲ့ပြီး ၊ ခြေထောက် ဒဏ်ရာရရှိသူ လူငယ်က သွေးထွက်များ စိုးရိမ်ရတဲ့ အခြေအနေလို့ အဆိုပါလူမှုကူညီရေးအသင်းက ဆိုပါတယ်။
“ကျွန်တော်တို့အသင်းက မြိတ်က လူနာလာပို့ရင်း အမှတ်မထင် ကူညီခွင့်ရလိုက်တာပါ။ ကျွန်တော်ရှိနေတဲ့ ၃၅ လမ်းထဲကနေ ပေါက်ကွဲသံ ကျယ်ကျယ် ကြားလိုက်ရတော့ အမြန်ထွက်ကြည့်လိုက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဒေသခံ အသင်းတွေကလည်း မရှေးမနှောင်းရောက်လာကြပါတယ်။ကလေးတွေကို မြေပြင်ကုသမှုပေးပြီး အမြန်ဆေးရုံတင်ပို့နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးခဲ့ပါတယ်။ တစ်သက်နဲ့တစ်ကိုယ် ပထမဆုံး ကြုံဖူးတာပါပဲ။ ကလေးတွေကြည့်ပြီး အတော် စိတ်မကောင်းဖြစ်ရတယ်။ ခြေထောက်ထိတဲ့ ကလေးက အခြေအနေမကောင်းလောက်ဘူး”လို့ မြေပြင်အကူအညီမှာ ကြုံတွေ့ရတဲ့ ဖြစ်စဥ်ကို ရွှေရောင်နေ့သစ်လူမှုအထောက်အကူပြု အသင်းက MT News ကို ပြောပါတယ်။
ဒီဖြစ်စဥ်မှာ တချို့ကလည်း စည်ပင်ဝန်ထမ်းနှစ်ဦး၊ ပလုံကောက်ကော်ရှုသူကလေးငယ်နှစ်ဦးနဲ့ ဘတ်စ်ကားစောင့်တဲ့အမျိုးသမီး ထိခိုက်တာလို့လည်း ပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူ အရေးပေါ်ကလေးလူနာ(၄)ဦးကို ရွှေရောင်နေ့သစ်လူမှုအထောက်အကူပြုအဖွဲ့နဲ့ ဒေသခံလူမှုကူညီရေးအသင်းတို့က ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့မတ်လ ၂၄ ရက်နေ့ကလည်း မဟာသင်္ကြန်မဏ္ဍပ်တည်ဆောက်နေတဲ့ မြို့တော်ခမ်းမရှေ့ မဏ္ဍပ်တည်ဆောက်တဲ့လုပ်ငန်းခွင်မှာ လက်လုပ်ဗုံး နှစ်လုံးတွေ့ရှိရတာကြောင့် သက်ဆိုင်ရာက ဗုံးကို သက်မဲ့ပြုလုပ်ခဲ့ရတဲ့ ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။