၁၀.၁၂.၂၀၂၂
Written by Pan Ei
နာမည်ကြီး အမေရိကန် အားကစားသတင်းထောက်တစ်ဦးဖြစ်သည့် Grant Wahl သည် သောကြာနေ့ (ဒီဇင်ဘာ ၉ရက်) က ယှဉ်ပြိုင်ကစားခဲ့သည့် နယ်သာလန်နှင့် အာဂျင်တီးနားတို့ ကွာတားဖိုင်နယ် ကစားနေသည့်အချိန်တွင် သတင်းယူနေရင်း လဲကျသေဆုံးခဲ့ကြောင်း သိရသည်။
အသက် ၄၈နှစ် အရွယ်ရှိပြီဖြစ်သော အဆိုပါ သတင်းထောက်၏ သေဆုံးရသည့် အခြေအနေကို သက်ဆိုင်ရာက အတိအကျ ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း သူသည် အိပ်ရေးမဝခြင်း၊ စိတ်ဖိစီးမှု မြင့်မားခြင်းနှင့် လေးလံသော အလုပ်တာဝန်များကြောင့် ခန္ဓာကိုယ်ပင်ပန်းသည့် ဒဏ်ကို ခံစားနေရပြီး အအေးမိဝေဒနာ ခံစားနေရသည်မှာ ၁၀ ရက်ခန့်ရှိပြီဖြစ်ကြောင်း သူမသေဆုံးမီ ရက်ပိုင်းအလို ဒီဇင်ဘာ ၅ ရက်နေ့က ပြောကြားခဲ့သည်။
Wahl သည် အမေရိကန်အသင်း၏ အဖွင့်ပွဲစဉ်တွင် LGBT အခွင့်အရေးကို ပံ့ပိုးကိုယ်စားပြုသည့် သက်တန့်ရောင်တီရှပ်ကို ကွင်းအတွင်းသို့ ၀တ်ဆင်ခဲ့သောကြောင့် လုံခြုံရေးက ၎င်း၏အင်္ကျီကို ချွတ်ခိုင်းခဲ့ကာ ခေတ္တဖမ်းဆီးထိန်းသိမ်းခြင်းကိုလည်းခံခဲ့ရသူဖြစ်သည်။ ထိန်းသိမ်းခံရပြီးနောက် ၂၅ မိနစ်အကြာတွင် လွတ်မြောက်လာခဲ့ပြီး ဖီဖာမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကွင်းအတွင်းရှိ လုံခြုံရေးအဖွဲ့မှ အကြီးတန်းအဖွဲ့ဝင်တစ်ဦးထံမှ တောင်းပန်စာများ ရရှိခဲ့ကြောင်း Wahl က အဆိုပါ ဖြစ်ရပ် ဖြစ်ပွားစဉ်က ပြောကြားခဲ့သည်။
Wahl သေဆုံးရသည့် အခြေအနေနှင့် ပတ်သက်၍ ဘောလုံးအဖွဲ့ချုပ် ဖီဖာက သတင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်း “ကျွန်တော်တို့ Grant Wahl ကို ဆုံးရှုံးလိုက်ရတဲ့အတွက် အမေရိကန် ဘောလုံးမိသားစုတစ်ခုလုံး ကြေကွဲရပါတယ်” ဟု အမေရိကန် ဘောလုံးအဖွဲ့ချုပ်က ၎င်း၏တရားဝင် Twitter အကောင့်တွင် ကြေညာခဲ့သည်။
၁၉၉၆ ခုနှစ် နိုဝင်ဘာလတွင် အားကစားအငယ်တန်းသတင်းထောက်အဖြစ် စတင်လုပ်ကိုင်ခဲ့ရာမှ ဆယ်စုနှစ် နှစ်ခုကျော်အကြာ အားကစားသတင်းထောက်အဖြစ် လုပ်ကိုင်ခဲ့သည့် Wahl သေဆုံးခဲ့ရသည့် ဖြစ်ရပ်အပေါ် အမေရိကန်ဘောလုံးအသိုင်းအဝိုင်းက ဝမ်းနည်းပူဆွေးမှုများ ပြသခဲ့ကြသည်။
“သူဟာ ဘောလုံးကို စိတ်အားထက်သန်ပြီး ဂျာနယ်လစ်ဇင်ကို တန်ဖိုးထားတတ်တဲ့ ကြင်နာတတ်တဲ့သူတစ်ယောက်ပါ” ဟု အမေရိကန်မေဂျာလိဂ်ဘောလုံးအားကစားအမှုဆောင် Don Garber က Wahl ကွယ်လွန်သည့်သတင်းကို တုံပြန်ပြောဆိုခဲ့ပြီး “ဒါကအရမ်းကိုဆိုးရွားပါတယ်။ သူ့မိသားစုနဲ့ ထပ်တူ ဝမ်းနည်းရပါတယ်” ဟု အမျိုးသမီးကမ္ဘာ့ဖလားနှစ်ကြိမ်ဆုရှင် Megan Rapinoe က Twitter တွင် ပြောကြားခဲ့သည်။
Ref; CNN