၂၇.၃.၂၀၂၄
Written by KL
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဆင်စုရပ်ကွက်၊ စကားတောင်လမ်းဆုံ၊ ဆယ်ထပ်ကြီးအဆင်းတွင် မတ်လ ၂၆ ရက် ညနေ ၆ နာရီခန့်က မီနီအိုးဝေတစ်စီးနှင့် ကိုယ်ပိုင်ယာဥ်တစ်စီးတို့ တိုက်မိရာမှ အမျိုးသမီး ၂ ဦးသေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကိုယ်ပိုင်ကားမှာ မီနီအိုးဝေကို ဝင်တိုက်ရာမှ လမ်းဆုံတွင် မုန့်လက်ဆောင်းရောင်းချနေသူနှင့် စားသောက်နေသူအမျိုးသမီးတို့ကိုပါ ထပ်မံတိုက်မိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ယာဥ်တိုက်မှုကြောင့် မုန့်လက်ဆောင်းရောင်းသူ အသက် ၆၇ နှစ်အရွယ် ဒေါ်နွဲ့နှင့် မုန့်လက်ဆောင်းဝယ်နေသည့် အသက် ၆၀ အရွယ် ဒေါ်အေးသန်းတို့မှာ ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး ၇ နှစ်အရွယ်ကလေးနှင့် ၁၃ နှစ်အရွယ် ကလေးတို့မှာ နဖူးပွန်းပဲ့ဒဏ်ရာ၊ မီနီအိုးဝေယာဥ်ပေါ်မှ အမျိုးသားနှင့်ကိုယ်ပိုင်ယာဥ်ပေါ်မှ အမျိုးသားတို့မှာ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“လမ်းဆုံမှာ မုန့်လက်ဆောင်း ထိုင်ရောင်းနေတဲ့အမျိုးသမီးတွေကို ကားဝင်တိုက်တာ။ တစ်ယောက်က ဗိုက်ပွင့်ပြီး ဦးခေါင်းဒဏ်ရာရတယ်။ တစ်ယောက်က ခြေထောက်အောက်ဘက်ကြေသွားတယ် နှစ်ယောက်လုံး ဆုံးသွားတာ”ဟု ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပရဟိတပါရမီမှ အဖွဲ့ဝင်တစ်ဦးကပြောသည်။
ယာဥ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ ၄ ဦးကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်) ပရဟိတပါရမီမှ အဖွဲ့ဝင် ၄ ဦးက ပြည်ဆေးရုံကြီး အရေးပေါ် ဌာနသို့ ပို့ဆောင်ကူညီခဲ့ပြီး သေဆုံးသူ ၂ ဦးကို ပြည်မြို့ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။