၇.၃.၂၀၂၄.
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတကာ၌စွက်ဖက်ပတ်သက်မှုများအပါအဝင် လျှို့ဝှက်ဖိုင်များကို အင်တာနက်တွင် ဖော်ပြခဲ့မှုကြောင့် အမေရိကန်အစိုးရက အထူးအလိုရှိနေသော ဝီကီလိခ်ဝက်ဘ်ဆိုတ် တည်ထောင်သူ ဩစတြေးလျနိုင်ငံသား ဂျူလီယန် အက်ဆန်အား အမေရိကန်သို့ လွှဲပြောင်းပေးခြင်းပြု မပြု ၎င်း၏အယူခံအတွက် ဆုံးဖြတ်ချက်ကို ဆက်လက်စောင့်ဆိုင်းရမည်ဖြစ်ကြောင်း ယူနိုက်တစ်ကင်းဒမ်း အထက်တရားရုံးချုပ်က မတ်လ ၂၆ ရက်တွင် ပြောခဲ့သည်။
အထက်တရားရုံးချုပ်၏ဆုံးဖြတ်ချက်အရ ၎င်းအား အမေရိကန်သို့ လွှဲပြောင်းပေးခြင်းမပြုရန် အက်ဆန်၏ အယူခံချက်ကို စီရင်ချက်ချရန် မေလ ၂၀ ရက်သို့ရွှေ့ဆိုင်းခဲ့သည်။ တရားရုံးချုပ်က အက်ဆန်အား အမေ
ရိကန်တွင် တရားစွဲခံရသော်လည်း သေဒဏ်ချမှတ်ခြင်းမပြုဟု အမေရိကန်အစိုးရထံမှ အာမခံချက်ကို ရရှိရန်ကြိုးစားနေသည်ဟုဆိုသည်။ တရားရုံးချုပ်က “တကယ် လို့ ဒီလို အာမခံချက် မပေးရင်တော့ အက်ဆန် ရဲ့အယူခံချက်ကို ကြားနာရမှာပါ” ဟု ပြောခဲ့သည်။
လန်ဒန်မြို့ရှိ တရားရုံးချုပ်၏အပြင်ဘက်၌မူ အက်ဆန် ၏ဇနီးဖြစ်သူ စတယ်လာ အက်ဆန်က ခင်ပွန်းဖြစ်သူ၏ အမေရိကန်သို့လွှဲပေးခြင်းမပြုရန် အယူခံကို ကြားနာရန် နှောင့်နှေးနေခြင်းအတွက် တရားရုံးချုပ်ကို အထူးအံ့အားသင့်မိကြောင်း ဆန္ဒပြပြောကြားခဲ့သည်။ စတယ်လာက ယူနိုက်တစ်ကင်းဒမ်းနိုင်ငံ တရားရုံးချုပ်၏ ဆုံးဖြတ်ချက်ကို အမေရိကန်က နိုင်ငံရေးအရဝင်ရောက်စွက်ဖက်နေခြင်းဖြစ်ကြောင်းလည်း ပြောခဲ့သည်။
စတယ်လာက အက်ဆန်မှာ သတင်းစာဆရာတစ်ဦးသာဖြစ်ပြီး လူသားတို့အသက်ကိုသေစေသည့် စစ်ပွဲနှင့်ပတ်သက်၍ အမှန်တရားကို မြင်သာအောင်ထုတ်ပြခဲ့မိ၍ ဖိနှိပ်ခံနေရခြင်းဖြစ်ကြောင်း၊ အမေရိကန်အစိုးရအား ယူနိုက်တစ်ကင်းဒမ်း အထက်တရားရုံးချုပ်ကတောင်းဆိုသည့် အာမခံချက်များကို မတင်သွင်းရန်တိုက်တွန်းကြောင်း၊ ၎င်းက ဒီမိုကရေစီနိုင်ငံတစ်ခုအတွက် ရှက်ဖွယ်ဖြစ်ကြောင်း ဆက်လက် ပြောခဲ့သည်။
အသက် ၅၂ နှစ်ရှိ ဂျူလီယန် အက်ဆန်က အာဖဂန်နစ္စတန်နှင့် အီရတ်စစ်ပွဲများအပါအဝင် အမေရိကန်အစိုးရ၏ ကာကွယ်ရေးဆိုင်ရာလျှို့ဝှက်ချက်များကို ဝီကီလိခ်ဝက်ဘ်ဆိုတ်တွင် အများသိအောင်ဖွင့်ဟခဲ့၍ အမေရိကန်အစိုးရ၏ အငြိုးထားအလိုရှိခြင်းကို ခံနေရသည်။
Ref- Xinhua