၁၀. ၁၂. ၂၀၂၂
Written by Nay Aung
အင်ဒိုနိးရှားနိုင်ငံက လာမည့်နှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင်လည်း မြန်မာနိုင်ငံရေး အခက်ခဲများကိုဖြေရှင်းနိုင်ရန် စီစဉ်ဆောင်ရွက်ထားသည့် အာဆီယံသဘောတူညီချက်ငါးချက်ကို ပြောင်းလဲလုပ်ကိုင်သွားမည်မဟုတ်ဘဲ အာဆီယံသဘောတူညီငါးချက် အတိုင်းဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီက ထုတ်ဖော်ပြောဆိုလိုက်သည်။
အင်ဒိုနီးရှားနိုင်ငံသည် လာမည့် ၂၀၂၃ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူမည်ဖြစ်ရာ မြန်မာ့နိုင်ငံရေး အခက်အခဲကိုဖြေရှင်းနိုင်ရန် အဓိကထား ကြိုးပမ်းရဖွယ်ရှိနေကြောင်း သိရသည်။
အင်ဒိုနိးရှား နိုင်ငံခြားရေးဝန်ကြီးက SAC ခေါင်းဆောင် နှင့် အာဆီယံခေါင်းဆောင်များကြား သဘောတူညီမှုရရှိထားသည့် အာဆီယံသဘောတူညီချက်ငါးချက်သည် မြန်မာ့နိုင်ငံရေး အခက်အခဲကို ဖြေရှင်းနိုင်ရေးအတွက် လမ်းညွှန်မှုအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ” အာဆီယံခေါင်းဆောင်တွေဟာ အာဆီယံသဘောတူညီချက်ငါးချက်နဲ့ ပတ်သက်ပြီး အပြောင်းအလဲတွေလုပ်ဖို့ မဆုံးဖြတ်ခဲ့ဘူး။ ဒါကြောင့် ကျွန်မတို့ဟာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ်တာဝန်ယူချိန်မှာ နိုင်ငံရေး အခက်ခဲများကနေ ကျော်ဖြတ်နိုင်အောင် မြန်မာနိုင်ငံကို ကူညီပေးနိုင်ဖို့ အာဆီယံသဘောတူညီချက်ငါးချက် အကောင်ထည်ဖော်နိုင်အောင် ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟုဆိုသည်။
မြန်မာနိုင်ငံတွင် အာဏာပဋိပက္ခဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲသည် မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ရန်ရည်ရွယ်ပြီး ၂၀၂၁ ခုနှစ် ဧပြီလတွင် SAC ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးကာ အာဆီယံသဘောတူညီချက်ငါးချက်ကို လက်ခံသဘောတူညီခဲ့ကြောင်းသိရသည်။
သို့သော်လည်း SAC သည် အာဆီယံသဘောတူညီချက်ငါးချက်ကို အကောင်ထည်ဖော်ရာတွင် သိသာသည့် တိုးတက်မှုများမရှိသေးကြောင်း ဝေဖန်မှုများ ရှိနေခဲ့သည်ဟု သိရသည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက” မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်ဖို့က မြန်မာနိုင်ငံနဲ့သာ သက်ဆိုင်တယ်။ အာဆီယံသဘောတူညီချက်ငါးချက်ကို အကောင်ထည်ဖော်ဖို့ SAC က ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုရင်တော့ မြန်မာနိုင်ငံရဲ့အခြေအနေက ပိုမိုကောင်းမွန်လာဖွယ်မရှိဘူး ” ဟုဆိုသည်။
Ref, tempo.co