October 20, 2024

၂၇. ၃. ၂၀၂၄
Written by TZ

တပေါင်းလပြည့်နေ့တွင် ဆယ်ကျော်သက်အမျိုးသမီးငယ် (၄) ဦး မော်တော်ဆိုင်ကယ်များဖြင့် မုံရွာမြို့ရှိဘုရားများအားသွားရောက်ဖူးမြော်ရာတွင် (၄) ရက်ကြာသည့်တိုင် မိသားစုဝင်များနှင့် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသောကြောင့် ထိုမိန်းကလေးငယ်များ၏ မိဘများမှာ စိုးရိမ်နေကြောင်း သိရသည်။

မတ်လ ၂၄ ရက် နံနက် ၉ နာရီအချိန်တွင် ဆယ်ကျော်သက် အမျိုးသမီးငယ် ( ၄) ဦးမှာ တပေါင်းလပြည့်နေဖြစ်သောကြောင့် မုံရွာမြို့ရှိ ဘုရားများအား သွားဖူးရန်အတွက် မိဘများထံ ခွင့်တောင်းပြီး သူငယ်ချင်း ( ၄) ဦးမှာ မော်တော်ဆိုင်ကယ် ( ၂) စီးဖြင့် ထွက်ခွာသွားပြီးနောက် မတ်လ ၂၇ ရက်နေ့တိုင် ထိုမိန်းကလေးငယ်များကို အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

အဆိုပါပျောက်ဆုံးသည့် ဆယ်ကျော်သက်မိန်းကလေးငယ်များ၏ မိဘများထံသို့ MT News မှ ဆက်သွယ်မေးမြန်းရာ “တပေါင်းလပြည့်နေ့ဆိုတော့ ဘုရားသွားဖူးမယ်ပြောပြီး သူငယ်ချင်း ၄ ယောက် ဆိုင်ကယ်နဲ့ထွက်သွားတာ။ ညနေအိမ်ပြန်ရောက်မလာတော့ ဖုန်းဆက်တာ။ သူတို့ ၄ ယောက်စီမှာ ဖုန်း ၂ လုံးပါသွားတယ်။ အဲ့ဒီ ၂လုံးစလုံး ပိတ်ထားတယ်။ သက်ဆိုင်ရာကိုလည်း အကြောင်းကြားထားတယ်။ လူမူကူညီရေးအသင်းတွေဆီလည်း အကူညီတောင်းထားတယ်။ သူတို့က မြို့ပေါ်မှာအလုပ်မလုပ်ပါဘူး” လို့ မိသားစုဝင်ဖြစ်သူ မချောစုလှိုင်မှ ပြောပါတယ်။

ထိုပျောက်ဆုံးနေသည့် အမျိုးသမီးငယ် (၄) ဦးမှာ မုံရွာမြို့၊ ရွှေဇလုပ်ရပ်ကွက်တွင်နေသည့် အသက် ( ၁၆) နှစ်အရွယ် မအိသက်နိုင်နှင့်အသက် (၁၆) နှစ်အရွယ် မအေးမြတ်မွန်၊ ချမ်းမြဝတီရပ်ကွက်တွင်နေထိုင်သည့်အသက် (၁၆) နှစ်အရွယ် မနှင်းဝေဝေအောင်၊ စက်မူဇုံရပ်ကွက်တွင် နေထိုင်သည့် အသက် ( ၁၅) နှစ်အရွယ် မခေါင်းနီမတို့ဖြစ်ကြောင်း သိရသည်။

မိဘပြည်သူများအနေဖြင့် ပျောက်ဆုံးနေသည့် မိန်းကလေးငယ်များကို တွေ့ရှိပါက ဖုန်း ၀၉-၉၅၀၅ ၀၄၀၇၁၊ ၀၉-၉၆၈၈ ၀၉၅၁ သို့ ဖုန်းဆက်အကြောင်း ကြားပေးရန်လည်း မိသားစုဝင်များက အကူအညီတောင်းခံထားသည်။

ပုံစာ။ ပျောက်ဆုံးနေသည့် မိန်းကလေးငယ်များကို တွေ့ရစဥ်။

Leave a Reply

Your email address will not be published. Required fields are marked *