October 20, 2024

၂၇. ၃. ၂၀၂၄
Written by Pan Ei

မကြာသေးမီက စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်ရဲ့ကမ္ဘာလှည့်ဖျော်ဖြေပွဲအပြီး စင်ကာပူက ကြီးမားတဲ့ စီးပွားရေး အမြတ်အစွန်းတွေ ရရှိခဲ့တာကြောင့် ထိုင်းနိုင်ငံကလည်း အလားတူ အောင်မြင်မှုတွေကို တေးဂီတပွဲတွေ ဖျော်ဖြေတင်ဆက်မှုနဲ့ ပုံစံတူပြုလုပ်ဖို့ ကြိုးစားနေပုံရကာ Summer Sonic နဲ့ Tomorrowland လိုမျိုး ကမ္ဘာ့ဂီတပွဲတော်နှစ်ခုကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ ချိုင် ဝါချာရွန်ခီ က ထိုင်းနိုင်ငံက အရှေ့တောင်အာရှမှာ ပထမဆုံးအနေနဲ့ Summer Sonic ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လာမယ့် သြဂုတ်လ ၂၄ ရက်နဲ့ ၂၅ ရက်တို့မှာ ကျင်းပဖို့ စီစဉ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အခမ်းအနားဆုံး ဂီတပွဲတော်တွေထဲက တစ်ခုလို့တောင် ပြောလို့ရမယ့် EDM ဂီတပွဲတော် Tomorrowland ကိုလည်း အာဆီယံထဲက ပထမဆုံးနိုင်ငံအဖြစ် ၂၀၂၆ ခုနှစ်မှာ ထိုင်းနိုင်ငံက လက်ခံကျင်းပသွားမှာ ဖြစ်ပြီး ၁၀ နှစ်ဆက်တိုက် ကျင်းပသွားဖို့ စီစဉ်ထားတာကြောင့် ထိုင်းနိုင်ငံနဲ့ အိမ်နီးနားချင်းနိုင်ငံတွေက EDM ဝါသနာရှင်တွေအနေနဲ့ စိတ်လှုပ်ရှားဖွယ် အခွင့်အရေးတစ်ခု ဖြစ်လာစေရုံသာမက ထိုင်းနိုင်ငံအတွက် ကြီးမားတဲ့ အမြတ်အစွန်းတွေ ရရှိနိုင်စေဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက ထိုင်းဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့ ဆာရက်သာ သက်ဗီဆင်က နိုင်ငံရဲ့ စီးပွားရေးကို နှိုးဆွဖို့ စီမံချက်တွေ တောင်းဆိုခဲ့ပြီးနောက် အခုလို ဧရာမ ဂီတပွဲတော်တွေ ကျင်းပဖို့ တွန်းအားတွေ ဖြစ်လာစေခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ်က ဖော်မြူလာဝမ်း၊ ဖော်မြူလာ အီး နဲ့ Art Basel အပါအဝင် နိုင်ငံတကာပွဲများစွာကို ထိုင်းနိုင်ငံမှာ လက်ခံကျင်းပဖို့လည်း စီစဉ်သူတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ချိုင် ပြောကြားခဲ့ပါတယ်။

တေလာဆွစ်ရဲ့ Eras Tour ဖျော်ဖြေပွဲစဉ်အတွက် သီးသန့် သဘောတူညီချက်တစ်ခုကြောင့် စင်ကာပူကို အရှေ့တောင်အာရှမှာ တစ်ဦးတည်းအိမ်ရှင်ဖြစ်စေခဲ့ပြီး ထိုင်းနိုင်ငံအနေနဲ့ လွဲချော်ခဲ့ရတာကြောင့် ဝန်ကြီးချုပ် ဆာရက်သာ သက်ဗီဆင်က သူ့ရဲ့ နောင်တရမှုကို ထုတ်ဖော်ပြောကြားခဲ့ဖူးပါသေးတယ်။

Ref; Malaymail

Leave a Reply

Your email address will not be published. Required fields are marked *