October 20, 2024

၂၇. ၃. ၂၀၂၄
Written by Pan Ei

ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေက အခုလအတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံမဲ့ကလေးငယ် ၁၉ ဦးကို မြန်မာနိုင်ငံကို ပြည်နှင်ဒဏ်ပေးခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အင်္ဂါနေ့ (မတ်လ ၂၆) က စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ကလေးတွေကို အိမ်နီးချင်းမြန်မာနိုင်ငံသို့ ပြန်ပို့ဖို့ အစီအစဉ်မရှိဘူးလို့ ထိုင်းဝန်ကြီးတစ်ဦးက ငြင်းဆိုခဲ့ပါတယ်။

အဆိုပါကိစ္စဟာ ၂၀၂၁ ခုနှစ်က မြန်မာနိုင်ငံမှာ အာဏာအငြင်းပွားမှုဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံမှာ မတည်မငြိမ်မှုနဲ့ အကြမ်းဖက်မှုတွေကြောင့် ထိုင်းနိုင်ငံအတွင်း တိုးပွားလာတဲ့ အထောက်အထားမဲ့ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ အစိုးရရဲ့အဆင်သင့်မရှိခြင်းအပေါ် မီးမောင်းထိုးပြနေတယ်လို့ အရပ်ဘက်အဖွဲ့တွေက ဆိုပါတယ်။

မိဘတွေနဲ့ ဆွေမျိုးတွေမရှိတဲ့ အသက် ၅ နှစ်မှ ၁၆ နှစ်ကြား ကလေးငယ်တွေကို လုဘူရီခရိုင်မှာ ရန်ပုံငွေရှာခိုင်းဖို့ ခိုင်းစားခံရတော့မဲ့ အခြေအနေကနေ အစိုးရလူမှုဝန်ထမ်းတွေက မတ်လ ၁၂ ရက်က ကယ်တင်လာခဲ့ခြင်းဖြစ်ပြီး ချင်းရိုင်မြို့ရှိ ကလေးသူငယ်နဲ့ မိသားစုဂေဟာကို ပို့ခဲ့ပါတယ်။

“အစိုးရဘယ်လိုအလုပ်လုပ်လဲဆိုတာကို ကျွန်တော်တို့မြင်တွေ့ခဲ့ရပြီး ကျွန်တော်တို့ အရမ်းစိုးရိမ်ပါတယ်” လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ဖောင်ဒေးရှင်းကို တည်ထောင်သူ နွတ်ချာနတ် ဘွန်ခေါင်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လကလည်း အထောက်အထားမဲ့ ကလေးငယ် ၁၂၆ ဦးကို ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံသို့ ပို့ဆောင်ခဲ့ပြီးနောက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ရုတ်ရုတ်သဲသဲဖြစ်ခဲ့တဲ့ အလားတူဖြစ်ရပ်ကို ကိုးကားဖော်ပြခဲ့ပြီး “အဲဒီအဖွဲ့ကို ပြည်နှင်ဒဏ်ပေးခဲ့ပေမဲ့ သူတို့ရဲ့ သက်သာချောင်ချိရေးဆိုင်ရာ နောက်ဆက်တွဲတွေ ရှိ၊ မရှိ မသိရသေးပါဘူး” လို့ သူမက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံရဲ့လူမှုဖွံ့ဖြိုးရေးနဲ့ လူသားလုံခြုံရေးဝန်ကြီး ဗာရာဝတ် ကတော့ လက်ရှိကိစ္စနဲ့ ပတ်သက်ပြီး ကလေးတွေကို နေရပ်ပြန်ပို့ဖို့ အစီအစဉ်မရှိကြောင်း ငြင်းဆိုထားခဲ့ပြီး “ထိုင်းနိုင်ငံက ကလေးတွေအားလုံးကို လူမျိုးမခွဲခြားဘဲ ပြုစုစောင့်ရှောက်ပေးပါမယ်။ သူတို့ကို ပြန်ပို့ဖို့ မူဝါဒမရှိပါဘူး” လို့ ဗာရာဝတ်က ပြောပါတယ်။

ဒါ့အပြင် လုဘူရီခရိုင်ရှိ ဘုရားကျောင်းတစ်ခုမှာ ရန်ပုံငွေရှာဖွေဖို့ သူတို့ခိုင်းစားခံရမှာကို စိုးရိမ်တာကြောင့် အဲ့ဒီကလေးတွေကို ခေါ်ဆောင်ထိန်းသိမ်းထားတယ်လို့လည်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ထွက်ပြေးလာတဲ့ အထောက်အထားမဲ့ ကလေး ၅၀၀,၀၀၀ ရှိပြီး အနည်းဆုံး ၁ ဒသမ ၅ သန်းလောက် ထွက်ပြေးနိုင်ပါသေးတယ်” လို့ လူ့အခွင့်အရေးကော်မရှင်နာဟောင်း Tuenjai Deetes က ပြောကြားထားပါသေးတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *