October 20, 2024

၂၇. ၃. ၂၀၂၄
Translated by Htwe Ko Tun

တောင်ကိုရီးယားနိုင်ငံ ဆုံနမ်မြို့ရှိ တိရစ္ဆာန်ရုံတစ်ရုံမှ ငှက်ကုလားအုတ်တစ်ကောင်က မတ်လ ၂၆ ရက်မှာ မြို့တွင်းရှိလမ်းတွေပေါ်မှာ လျှောက်ပြေးနေခဲ့တာကြောင့် ယာဉ်မောင်းတွေမှာ ရုတ်တရက် အံ့အားသင့်ခဲ့ကြရတယ်လို့ သိရပါတယ်။

တာဒိုရီလို့ ခေါ်ကြတဲ့ ငှက်ကုလားအုပ်အထီးက တစ်နာရီကြာခန့် မြို့ထဲရှိလမ်းတွေပေါ်မှာပြေးလွှားနေခဲ့တာကို လူမှုကွန်ရက်မှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေက ဖော်ပြခဲ့ကြပါတယ်။ တာဒိုရီက Bug City လို့ခေါ်တဲ့ တိရစ္ဆာန်ရုံက လွတ်မြောက်လာခဲ့တာဖြစ်ပြီး ယာဉ်အသွားအလာတွေအကြား ခပ်ရွရွလျှောက်ပြေးနေခဲ့တာလို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

ရဲတပ်ဖွဲ့နဲ့ ဒေသမီးသတ်တပ်ဖွဲ့တို့က တိရစ္ဆာန်ရုံမှ ၂ ဒသမ ၆ ကီလိုမီတာဝေးတဲ့ ကားရပ်နားဖို့ နေရာတစ်ခုမှာ တာဒိုရီကို ကွန်ရက်တစ်ခုနဲ့ ဖုံးပြီးပြန်လည်ဖမ်းဆီးခဲ့ရတာပါ။ Bug City တိရစ္ဆာန်ရုံက ဆိုးလ်မြို့မှ နာရီဝက်ခန့်သွားရတယ်လို့ သိရပါတယ်။

လေးနှစ်သားရှိ ငှက်ကုလားအုတ်အထီးက ဖမ်းဆီးမိပြီးတဲ့နောက် ကောင်းမွန်တဲ့ပုံမှန်အနေအထားမှာပဲရှိနေကာ တိရစ္ဆာန်ရုံကို ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ တိရစ္ဆာန်ရုံ ပိုင်ရှင် ချိုယွန်းဂျူးက ပြောခဲ့ပါတယ်။ ချိုက တာဒိုရီရဲ့ တစ်ကောင်ထဲသောသူငယ်ချင်းဖြစ်တဲ့ တာဆွန်နီ ခေါ်တဲ့ ငှက်ကုလားအုတ်အမက ပြီးခဲ့တဲ့လကပဲ သေဆုံးခဲ့တာဆိုတော့ ဒီအချက်က သူ့မှာ စိတ်ဖိအားဖြစ်နေတယ်လို့ ယူဆရတယ်လို့ ပြောခဲ့ပါတယ်။

Ref–Reuters

Leave a Reply

Your email address will not be published. Required fields are marked *