October 20, 2024

၂၇.၃.၂၀၂၄
Written by Hey Mar

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြိုနယ်၊ ရန်ကင်းအိမ်ယာစီမကိန်းအနီးက ပုသိမ်ကြီးမြောင်း(ဆည်တော်ကြီးဆည်)ထဲမှာ မနေ့က မတ်၂၆ ရက်နေ့ တစ်ရက်တည်း ပိုင်ရှင်မဲ့ အလောင်းနှစ်လောင်း မျောပါလာခဲ့ပြီး တစ်လောင်းမှာ အပိုင်းပိုင်းဖြတ်တောက်ထားတာကြောင့် အဂ်ါမစုံတဲ့အတွက် ကျား/မ ခွဲခြားနိုင်ခြင်းမရှိဘူးလို့ ဒေသခံ လူမှုကူညီရေးအသင်းတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့တုန်းကလည်း ခေါင်းဖြတ် ၊ လက်နှစ်ဖက် ၊‌ ခြေနှစ်ဖက်ဖြတ်ခံထားရပြီး ဗိုက်ပါ အဖွင့်ခံထားရတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်း ဆည်တော်ကြီးအတွင်းမျောပါလာခဲ့ပါသေးတယ်။ အခုလအတွင်း ဆည်တော်ကြီးမြောင်းထဲကနေ ကောက်ယူရရှိတဲ့ အလောင်းနဲ့ လူကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ဆယ်ယူရတာမျိုး မန္တလေးဒေသခံလူမှုကူညီရေးအသင်းတွေ မကြာခဏကြုံတွေလုပ်ကိုင်ကြရပြီး ခုနစ်ကြိမ်နဲ့ အထက်မှာရှိတယ်လို့လည်း သိရပါတယ်။

ဆည်တော်ကြီးမြောင်းက မန္တလေးရဲ့ မြို့နယ် လေးမြို့နယ်လောက်ကို ပတ်ကာစီးဆင်းနေပြီး သူ့ရဲ့ အထက်ပိုင်းမှာ နယ်မြေမငြိမ်မသက်မှုတွေလည်း ဖြစ်ပေါ်နေတာကြောင့် ဒေသခံတွေက ရေနစ်သေဆုံးမျောပါရုပ်အလောင်းဖြစ်စဉ်လို့ မယူဆဘဲ ရက်စက်စက် နှိပ်စက်သတ်ဖြတ်ခံရတဲ့ ရုပ်အလောင်းတွေ မျှော်ချလိုက်တာလို့လည်း ထင်ကြေးပေးနေပါတယ်။

အလောင်းသွားရောက်ကောက်ယူခဲ့တဲ့ ဒေသခံလူမှုရေးအသင်းမှတာဝန်ရှိသူက” ဒီလထဲ အဲ့ဒီလို အင်္ဂါမစုံအလောင်းတွေကောက်ရတာ ကျွန်တော်တို့အသင်းတင် ၄ ကြိမ်ရှိပြီ။ ကျန်အသင်းတွေ ကောက်တာလည်းကြားတယ်။နောက်ထပ်အင်္ဂါအစိတ်အပိုင်းတွေ ဘယ်နေရာတွေမှာ ပေါ်လာမလဲမသိဘူး။ ဆည်တော်ကြီးက ချမ်းမြသာစည်၊ ပုသိမ်ကြီး၊ အမရပူရနဲ့ အောင်မြေသာဇံမြို့နယ်တွေဆီ ပတ်စီးဆင်းနေတာမို့ လူခြေစိပ်တဲ့နားတွေ ပေါ်လာရင် အထိတ်တလန့်ဖြစ်မှာပဲ စိုးတာ” လို့ MT News ကိုပြောပါတယ် ။

မျောပါလာတဲ့ ရုပ်အလောင်း တစ်လောင်းနဲ့ ခန္ဓာကိုယ်အပြတ်အပိုင်းအစကို မန္တလေးဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *