၁၀. ၁၂. ၂၀၂၂
Written by Ye Kyaw
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ လက်ရှိအချိန်အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄ ဒသမ ၄ ဘီလျံကျော် ခွင့်ပြုပေးနိုင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ အောက်တိုဘာလကုန်အထိ နှစ်နှစ်ကာလတွင် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄ ဒသမ ၄၆၁ ဘီလျံအထိ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှစတင်၍ လက်ရှိအချိန်အထိ နှစ်ပေါင်း ၃၄ နှစ်အတွင်း မြန်မာနိုင်ငံ၌ နိုင်ငံပေါင်း ၅၀ ကျော်မှ လာရောက်ရင်းနှီးမြှုပ်နှံထားသည်။ အဆိုပါကာလအတွင်း သီလဝါအထူးစီးပွားရေးဇုန်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံမှုအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၅ ဘီလျံခန့်ကို ခွင့်ပြုပေးထားကြောင်း DICA မှ သိရသည်။
အဆိုပါ ၃၄ နှစ်တာကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများ ခွင့်ပြုပေးခဲ့ရာတွင် ၂၀၁၁ ခုနှစ်အထိ နှစ်ပေါင်း ၂၂ နှစ်ကျော်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၆ ဘီလျံကျော်သာ ခွင့်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍသည် ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းကာများတွင် သိသိသာသာ တိုးတက်ခဲ့ခြင်းဖြစ်ပြီး ဦးသိန်းစိန်အစိုးရ တာဝန်ယူခဲ့သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ငါးနှစ်တာကာလတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂၇ ဘီလျံကျော်အထိ အများဆုံးခွင့်ပြုပေးထားနိုင်ခဲ့သည်။
NLD အစိုးရတာဝန်ယူခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုပမာဏ ဒေါ်လာ ၂၄ ဘီလျံကျော် ခွင့်ပြုပေးထားနိုင်ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးရာတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၊ လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ သယ်ယူပိုဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ သတ္တုတွင်းထွက်ကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ စက်မှုဇုန်ဖော်ဆောင်ရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ စသည့်လုပ်ငန်းများကို အဓိကခွင့်ပြုပေးထားခြင်းဖြစ်သည်။