၂၇. ၃. ၂၀၂၄
Written by Pan Ei
ဂျပန်နိုင်ငံအရှေ့ပိုင်းရှိ ဘူတာရုံတစ်ခုမှာ အမျိုးသားတစ်ဦးဝတ်ဆင်ထားတဲ့ ဂျာကင်အင်္ကျီဟာ စက်လှေကားထဲ မတော်တဆညပ်သွားခဲ့ပြီးနောက် အဲ့ဒီအမျိုးသားဟာ ပြုတ်ကျကာ သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က မတ်လ ၂၆ ရက် (ဗုဒ္ဓဟူးနေ့)က ပြောကြားခဲ့ပါတယ်။
အီဘာရာကီစီရင်စုရှိ ဟီတာချီမြို့မှာနေထိုင်သူ အသက် ၇၂ နှစ်အရွယ် မာမိုရု ဆူဇူကီး ဆိုသူ အမျိုးသားဟာ အင်္ဂါနေ့ ည ၉ နာရီအချိန်လောက်က ဘူတာရုံမှာ စက်လှေကားစီးရင်း သူဝတ်ဆင်ထားတဲ့ ဂျာကင်အင်္ကျီက စက်လှေကားလက်တန်းမှာ မတော်တဆညပ်သွားခဲ့ပြီးနောက် သူဟာ ပြုတ်ကျကာ သတိလစ်သွားခဲ့တာကို တွေ့ရှိခဲ့တယ်လို့ IR Mito ဘူတာက ဝန်ထမ်းတွေက ဒေသဆိုင်ရာရဲတပ်ဖွဲ့ကို ပြောကြားခဲ့ပါတယ်။
ဆူဇူကီး သတိလစ်သွားခဲ့ပြီးနောက် သူ့ကို ဆေးရုံ ပို့ဆောင်ခဲ့ကာ ဆေးရုံမှာပဲသေဆုံးသွားခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ သူသေဆုံးရတဲ့အကြောင်းရင်းကိုတော့ အတိအကျမသိရသေးဘဲ ရဲတွေက ဘူတာရုံရဲ့လုံခြုံရေးကင်မရာက မှတ်တမ်းတွေကို ပြန်လည်စစ်ဆေးလျက်ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဘူတာရုံပလတ်ဖောင်းကို လက်မှတ်ဂိတ်ဧရိယာနဲ့ ချိတ်ဆက်ထားတဲ့ စက်လှေကားရဲ့ ထွက်ပေါက်အနီးမှာ ဂျာကင်အင်္ကျီညပ်သွားတဲ့ သူ့ကို ဝန်ထမ်းတွေက တွေ့ရှိခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်မှာ စက်လှေကားက ရွေ့လျားနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
Ref; Bangkok Post