၂၆. ၃. ၂၀၂၄
Written by TZ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့တွင် ပျောက်ဆုံးနေသည့် အသက် (၇၀) ကျော်အရွယ် စိတ်ကျန်းမာရေးချို့တဲ့သည့် အဘိုးအိုကို (၆) ရက်ခန့်အကြာတွင် သေဆုံးနေသည့် ရုပ်အလောင်းကိုသာ ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ မတ်လ ၂၁ ရက် ညနေပိုင်းအချိန်တွင် မကွေးမြို့၊ ကံသာလေးကျေးရွာတွင် နေထိုင်သည့် အသက် (၇၀) ကျော်အရွယ် ဦးကြည်ငြိမ်းမှာ ၎င်းတို့ပိုင်သည့် ယာထဲသို့တစ်ဦးတည်းထွက်သွားရာ လမ်းပျောက်ပြီး နေအိမ်သို့ပြန်ရောက်လာခြင်းမရှိသောကြောင့် မိသားစုဝင်များမှာ ဖခင်ဖြစ်သူကို လိုက်ရှာသော်လည်း မတွေ့ရှိသောကြောင့် ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းသို့ ဆက်သွယ်ပြီး လူပျောက်ရှာဖွေပေးရန် အကူအညီတောင်းခဲ့သောကြောင့်လိုက်လံရှာဖွေရာမှ မတ်လ ၂၆ ရက် ညနေပိုင်းတွင် ရုပ်အလောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ တာန်ရှိသူတစ်ဦးက ပြောသည်။
“စိတ်ကျန်းမာရေးမကောင်းသူပါ။ ကံသာကြီး မြောက်ဘက် တောထဲ မျက်စိလည်ပြီးမပြန်တတ်တာ။ ရေ/အစာပြတ်ပြီး သေဆုံးသွားတာ။ အလောင်းကို ကံသာကြီးက ယာသမားတစ်ဦးက တောထဲ တံပိုးခုတ်ဖို့ဝင်ရင်း တွေ့တာ” ဟု ရောင်စုံမေတ္တာလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးမှ MT News ၏ မေးမြန်းမှုကိုဖြေဆိုသည်။
ထိုရုပ်အလောင်းတွေ့ရှိသည့် နေရာမှာ အမှတ်၂၅ ရဲတပ်ရင်း အနီးရှိ တောထဲ၌ အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။