October 20, 2024

၂၆. ၃. ၂၀၂၄
Written by KL

ဧရာဝတီတိုင်း၊ လပွတ္တာမြို့၊ အမှတ်(၈)ရပ်ကွက်၊ သီတာလမ်းတွင် မတ်လ ၂၅ ရက်၊ ညနေ ၄ နာရီခန့်က လူနေအိမ် ၂၆ လုံး မီးလောင်ခဲ့ရာ လူ ၁၀၀ ကျော် မီးဘေးသင့်ခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သွားရောက်ကူညီသည့် လူမှုရေးအဖွဲ့များထံမှ သိရသည်။

ကနဦးစစ်ဆေးမှုများအရ လူမရှိသည့်နေအိမ်တွင် လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာမှ မီးလောင်ခဲ့ခြင်းဟုဆိုပြီးမီးလောင်မှုဖြစ်ပွားရာနေရာတွင် ပျဥ်ကာ၊ ပျဥ်ခင်းနေအိမ်နှင့် ဓနိမိုးထရံကာနေအိမ်များ နီးကပ်စွာ တည်ရှိနေခြင်းတို့ကြောင့် မီးလောင်အားကောင်းကာ ယခုကဲ့သို့ နေအိမ်များ မီးထဲပါသွားရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မီးလောင်လို့ မီးခိုးမွှန်တာက ၅ ဦး၊ အမျိုးသမီးတစ်ယောက်ကတော့ လက်နဲ့ ခေါင်းထိထားလို့ အချိန်မီဆေးရုံကို ပို့ဆောင်ကူညီခဲ့ပါတယ်”ဟု ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူတစ်ဦးကပြောသည်။

မီးလောင်မှုမှာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး လပွတ္တာခရိုင်နှင့်မြို့နယ်မှ မီးငြှိမ်းသတ်ယာဥ် ၅ စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့များ၊ ဒေသခံများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခွဲတွင် မီးငြိမ်းခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

မီးလောင်မှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့သော နေအိမ်မှ အိမ်ရှင်ကို ပုဒ်မ ၂၈၅ ဖြင့် ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *