October 20, 2024

ကုလသမဂ္ဂ၊လုံခြုံရေးကောင်စီ၏ ဂါဇာဒေသတွင် အစ္စရေးနှင့်ဟားမားစ်စစ်သွေးကြွတို့အကြား အပစ်အခတ်ရပ်စဲရေးကိုတောင်းဆိုသည့် ဆုံးဖြတ်ချက်အား လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများအနက် ၁၄ နိုင်ငံက ထောက်ခံပြီး အမေရိကန်ကသာ ကြားနေခဲ့စဉ်။

၂၆. ၃. ၂၀၂၄
Translated by Htwe Ko Tun

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဂါဇာဒေသတွင် အစ္စရေးနှင့်ဟားမားစ်စစ်သွေးကြွတို့အကြား အပစ်အခတ်ရပ်စဲရေးကိုတောင်းဆိုသည့် ဆုံးဖြတ်ချက်တစ်ရပ်အား မတ်လ ၂၅ ရက်က အတည်ပြုခဲ့ ကြောင်း သိရသည်။

ဆုံးဖြတ်ချက်အား လုံခြုံရေးကောင်စီ၏ အဖွဲ့ဝင်နိုင်ငံများအနက် အမေရိကန်မှလွဲ၍ ကျန်အဖွဲ့ဝင်နိုင်ငံများက ထောက်ခံခဲ့ကြပြီး အမေရိကန်က ၎င်း၏မဟာမိတ် အစ္စရေးနှင့် ကတောက်ကဆ ဖြစ်ခဲ့ရပြီးသည့်နောက် ဆုံးဖြတ်ချက်အား မဲမပေးဘဲကြားနေမှုပြုခဲ့သည်။

လုံခြုံရေးကောင်စီ၏ ကျန်အဖွဲ့ဝင် ၁၄ နိုင်ငံက ဆုံးဖြတ်ချက်အားထောက်ခံခဲ့ကြသည်။ ဆုံးဖြတ်ချက်က ဂါဇာဒေသတွင် အပစ်အခတ်အမြန်ရပ်စဲရန်နှင့် ဓားစာခံများအား အမြန်ပြန်လွှတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရီးစ်က ဆုံးဖြတ်ချက်အား မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ပြောခဲ့သည်။

အစ္စရေးဝန်ကြှီးချုပ် နေတန်ရာဟုက အမေရိကန်ပြည်ထောင်စုအား ဆုံးဖြတ်ချက်အပေါ် ဗီတိုအာဏာဖြင့် ပယ်ချရန်တောင်းဆိုခဲ့သော်လည်း မဟာမိတ်နှစ်နိုင်ငံအကြား ကတောက်ကဆ ဖြစ်မှုနှင့်အတူ အမေရိကန်က ဗီတိုကိုမသုံးဘဲ မဲမပေးဘဲသာနေခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အပြီးတွင်မူ နေတန်ရာဟုက ဝါရှင်တန်သို့ သွားရောက်ရန်ရှိသော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ခရီးစဉ်ကို ဖျက်သိမ်းကြောင်းကြေညာခဲ့သည်။ ထိုအဖွဲ့က ဂါဇာဒေသ တောင်ပိုင်းရှိ ရာဖာမြို့သို့ အစ္စရေး၏စစ်ဆင်ရေးတစ်ခုပြုလုပ်ရန် စီစဉ်ထားမှုနှင့်ပတ်သက်၍ သွားရောက်ဆွေးနွေးရန်ဟုဆိုသည်။ ရာဖာမြို့တွင် ယခုအခါ ပါလက်စတိုင်း ၁ ဒသမ ၅ သန်းခန့် ရောက်ရှိခိုလှုံနေကြသည်။

ကုလသမဂ္ဂဆိုင်ရာ၊ အစ္စရေးနိုင်ငံသံအမတ် ဂီလတ် အာဒန် ကမူ ဂါဇာစစ်ပွဲကို ဟားမားစ်တို့၏ အစုလိုက် အပြုံလိုက်လူသတ်မှုက စတင်ခဲ့ခြင်းဖြစ်ကြောင်း၊အစ္စရေးကစတင်ခြင်းမဟုတ်သလို အစ္စရေးအနေနှင့်လည်း စစ်ဖြစ်ရန်မလိုလားကြောင်း ပြောခဲ့သည်။ ဟားမားစ်တို့ကမူ ကုလသမဂ္ဂ၊ လုံခြုံရေး ကောင်စီဆုံးဖြတ်ချက်အား ကြိုဆိုခဲ့ကြသည်။

Ref- Reuters

Leave a Reply

Your email address will not be published. Required fields are marked *