October 20, 2024

၂၆. ၃. ၂၀၂၄
Written by Pan Ei

ဖူးခက်က နေရာတိုင်းမှာ ရဲတွေဟာ နိုင်ငံခြားသားတွေ ကျူးလွန်တဲ့ ပြစ်မှုတွေကို အလေးအနက်ထား စုံစမ်းစစ်ဆေးပြီး ဖူးခက်နေ ပြည်သူလူထု သူတို့ကို ယုံကြည်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဖမ်းဆီးခြင်းတွေကို ဆောင်ရွက်နေလျက်ရှိကာ ပြစ်မှုကျူးလွန်ခဲ့တဲ့ နိုင်ငံခြားသားအများအပြားလည်း ဖမ်းဆီးခံခဲ့ရပြီး အဲ့ဒီထဲမှာ မြန်မာနိုင်ငံသားတွေလည်း ပါဝင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ ဖူးခက်ပြည်နယ်၊ ကမလခရိုင်ရဲတပ်ဖွဲ့စခန်းက ဒေသထဲမှာ တရားမဝင် အလုပ်လုပ်ကိုင်နေပြီး ရက်လွန်နေထိုင်နေတဲ့ မြန်မာနိုင်ငံသားနှစ်ဦးဖြစ်တဲ့ အသက် ၃၂ နှစ်အရွယ် မြန်မာနိုင်ငံသား မင်းမင်းရွှေနဲ့ အသက် ၂၅ နှစ်အရွယ် ခိုင်သဇင်တို့ကို ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အလားတူ ဖူးခက်ပြည်နယ်၊ သန်လန်ခရိုင်မှာ အသက် ၄၉ နှစ်အရွယ် မြန်မာနိုင်ငံသား ဦးလှအောင်ဆိုသူ ဖမ်းဆီးခံခဲ့ရပြီး ခွင့်ပြုချက်မရှိဘဲ နိုင်ငံတော်အတွင်း ဝင်ရောက်နေထိုင်ခြင်းနဲ့ အလုပ်ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်းတို့အတွက် ဖမ်းဆီးခံခဲ့ရကာ တရားခံကို ချွန်းလေရဲစခန်းကို ခေါ်ဆောင်သွားခဲ့ပြီး တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖူးခက်ပြည်နယ်၊ သချတ်ချိုင်းဒေသမှာ အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသမီး မစံပယ် ဆိုသူဟာ စတိုးဆိုင်တစ်ခုအရှေ့မှာ ဈေးရောင်းချနေတာကြောင့် လုပ်ပိုင်ခွင့်ကလွဲပြီး တခြားအလုပ်လုပ်ခြင်းအတွက် ဖမ်းဆီးခံခဲ့ရကာ အခုလက်ရှိမှာ သူမကို သချတ်ချိုင်းရဲစခန်းမှာ ဖမ်းဆီးထားပြီး တရားဥပဒေအရ အရေးယူနိုင်ရေး စုံစမ်းရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နောက်ဆုံးအနေနဲ့ ဖူးခက်ပြည်နယ်၊ သချတ်ချိုင်းဒေသမှာပဲ မြန်မာနိုင်ငံသားလေးဦးဖြစ်တဲ့ မသီတာဦး၊ မမော်လွင်၊ မအိဒါနဲ့ မောင်မြင့်ကြည်တို့ကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံတော်အတွင်း ဝင်ရောက်နေထိုင်မှုနဲ့ ထိုင်းရဲတွေက ဖမ်းဆီးခဲ့ကာ သံသယရှိသူအားလုံးကို တရားဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ခုလို တရားမဝင် အလုပ်လုပ်ကိုင်မှုတွေကြောင့်နဲ့ နိုင်ငံအတွင်း တရားမဝင်နေထိုင်မှုတွေကြောင့် မြန်မာနိုင်ငံသားတွေ မကြာခဏဆိုသလို ဖမ်းဆီးခံနေရပြီး နိုင်ငံတွင်းမရောက်ခင် နယ်စပ်မှာလည်း ဖမ်းဆီးခံခဲ့ရတဲ့ ဖြစ်စဉ်တွေ များစွာရှိနေတာလည်း ဖြစ်ပါတယ်။

Ref; Phuket Police Page

Leave a Reply

Your email address will not be published. Required fields are marked *