October 20, 2024

၂၆. ၃. ၂၀၂၄
Written by Tha Doe

၇၉ နှစ်မြောက်တပ်မတော်နေ့အခမ်းအနားကို ညပိုင်းမှာကျင်းပရတာက သမိုင်းမှာလည်း ဒီလိုမျိုး ကျင်းပခဲ့ဖူးသလို လက်ရှိနှစ်ရဲ့ ရာသီဥတုအခြေအနေကြောင့်လည်း ပါဝင်တဲ့အပြင် လေယာဉ်၊ ရဟတ်ယာဉ်တွေရဲ့ ညဘက်စွမ်းရည်ပြမှုကိုပါ ထူးခြားစွာတွေ့မြင်ရအောင် စီစဉ်ထားတာကြောင့်ဖြစ်တယ်လို့ SAC အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ဒီနေ့ မတ်လ ၂၆ ရက်မှာ ပြောကြားပါတယ်။

“၇၉ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားကို ညနေပိုင်းမှာ စစ်ရေးပြအခမ်းအနားပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး မီဒီယာများ သိလိုသူများက ညနေပိုင်း၊ ညပိုင်းအချိန်မှာလုပ်တာနဲ့ ပတ်သက်ပြီး မေးမြန်းတာရှိပါတယ်။ တပ်မတော်နဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းလေးကို အရင်ပြောချင်ပါတယ်။ တပ်မတော်နေ့ကို ၁၉၄၆ ခုနှစ်မှာ ပထမအကြိမ် စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီလိုကျင်းပတဲ့အခါ မနက်ပိုင်းကျင်းပခဲ့တာမျိုးရှိပါတယ်။ ညနေပိုင်း၊ ညပိုင်း ကျင်းပခဲ့တာမျိုး ရှိပါတယ်။ တပ်မတော်နေ့ကို ညနေပိုင်း၊ ညပိုင်းစစ်ရေးပြအခမ်းအနားပြုလုပ်မှုနဲ့ ပတ်သက်ပြီး ၁၉၅၄ ခုနှစ် ၉ နှစ်မြောက်တပ်မတော်နေ့ကနေ ၁၉၆၇ ခုနှစ် ၂၂ နှစ်မြောက် တပ်မတော်နေ့အထိ ၁၄ ကြိမ်တိုင်တိုင် ညနေပိုင်း၊ ညပိုင်းမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ညနေပိုင်း၊ ညပိုင်းကျင်းပရခြင်းဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ရာသီဥတုအခြေအနေအရဖြစ်ပါတယ်။ ဒီနှစ်ဟာ အယ်လ်နီညိုကျရောက်နေတဲ့နှစ်ဖြစ်လို့ ရာသီဥတု အခြေအနေအရလည်း ညနေပိုင်း၊ ညပိုင်းမှာ ကျင်းပရခြင်းဖြစ်ပါတယ်။ ထူးခြားမှုအနေနဲ့ကတော့ ညပိုင်းမှာ စစ်ရေးပြအခမ်းအနားကျင်းပချိန်မှာ လေယာဉ်၊ ရဟတ်ယာဉ်များရဲ့ ညဘက် စွမ်းရည်ပြပျံသန်းမှုကို ထူးခြားစွာတွေ့မြင်ရမှာဖြစ်ကြောင်း ပြောလိုပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။

၇၉ နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားမှာ ချီတက်ကြမဲ့ စစ်ရေးပြစစ်ကြောင်းကြီးတွေကို တန်းစီကွင်းကနေ စစ်ရေးပြကွင်းကြီးဆီ ချီတက်ရာလမ်းကြောင်းတစ်လျှောက် ဂုဏ်ပြုပန်းစည်းကမ်းလိုသူ မိဘပြည်သူတွေအနေနဲ့ တယ်လီဖုန်းနဲ့ ကြိုတင်စာရင်းပေးသွင်းထားနိုင်ပြီး မတ်လ ၂၅၊ ၂၆ ရက်နေ့တွေမှာ နိုင်ငံသားစိစစ်ရေး ကတ်ပြား(မူရင်း)၊ ရောင်စုံလိုင်စင်ဓာတ်ပုံ(၂)ပုံတိုနဲ့အတူ လုံခြုံရေး ဝင်ခွင့်ကတ်တွေကို လူကိုယ်တိုင်(လူကိုယ်တိုင်) လာရောက်ထုတ်ယူ ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ပြီး လုံခြုံရေးဆပ်ကော်မတီ (နေပြည်တော်တိုင်းစစ်ဌာနချုပ်) နေပြည်တော် ဖုန်း-ဝ၃၂-၃ဝဝဝ၉ ကို ဆက်သွယ်ဆောင်ရွက်ရမယ်လို့လည်း ကြေညာထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *