October 23, 2024

၁၀ – ၁၂- ၂၀၂၂
Written By Naddy

ကန်ဦးကျောင်းတိုက် ပြန်လည်တည်ဆောက်ရာ၌ မတည်အလှူရှင်များမှ အလှူငွေ ပေးအပ်ခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း အလှူတော်ကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ (၁ဝ၈)ရပ်ကွက်၊ ကုန်းဘောင်လမ်းမပေါ်ရှိ ကန်ဦးကျောင်းတိုက်၌ ကျင်းပသည်။

“ကန်ဦးကျောင်းတိုက်ကို ဦးစီးတည်ထောင်တဲ့ ဆရာတော်က PPE ဆရာတော်လို့ လူသိများကြတဲ့ ဆရာတော်ပါ။ ဒီနေ့က ဆရာတော်ရဲ့ ကျောင်းဖြစ်မြောက်ရေးအတွက် အလှူငွေ ပေးအပ်ပွဲမှာ ရေစက်ချတရားနာဖို့အတွက် တက်ရောက်လာတာပါ။ ဆရာတော်က ကိုဗစ်ကာလအတွင်းက ကျောင်းဆောက်ဖို့အတွက် စုဆောင်းထားတဲ့ အလှူငွေတွေကို ကျောင်းဆောက်တာကို ရပ်တန့်ပြီး လူတွေရဲ့ အသက်ကို ကယ်တင်ပေးခဲ့တယ်။ PPE ၀တ်စုံ ၊ အောက်ဆီဂျင်ဗူး လိုအပ်တာတွေ လှူဒါန်းခဲ့တယ်။ ကိုဗစ်ကာလမှာ အခြားသူတွေ မလုပ်နိုင်တာတွေကို ကူညီလုပ်ပေးခဲ့တယ်။ ဒါကြောင့် ကျောင်းဆောက်ဖို့က တစ်ပိုင်းတစရှိနေခဲ့တာပါ။ အခုလိုအခြေအနေမှာ ကျွန်တော်တို့လို အလှူရှင်တွေစုပေါင်းပြီး လှူဒါန်းနိုင်တဲ့အပေါ် ၀မ်းသာပါတယ်။ ကျောင်းတည်ဆောက်ရေးအတွက် အလှူရှင်တွေလည်း လိုအပ်နေပါတယ်။ အားလုံးပါ၀င်လှူဒါန်းပေးဖို့ နှိုးဆော်ချင်ပါတယ် ” ဟု အဆိုတော် စိန်လင်းကပြောသည်။

အဆိုပါ အခမ်းအနားသို့ အလှူရှင်များနှင့်အတူ အနုပညာရှင်များဖြစ်ကြသော သရုပ်ဆောင် ဇင်မျိုး၊ သုတအောင်၊ လှမျိုးသဉ္ဇာနွယ်၊ ဇော်ဇော်အောင် ၊ အဆိုတော် စိန်လင်းတို့ တက်ရောက်ခဲ့ကြသည်။

၎င်းအခမ်းအနားကို နမောတသ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး မတည်အလှူရှင်များက အလှူငွေများအား ပေးအပ်လှူဒါန်းခြင်း၊ အလှူရှင်များအား ကံစမ်းမဲဖောက်၍ ပြန်လည်လှူဒါန်းမည့် ဗုဒ္ဓရုပ်ပွားတော်များအား ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း၊ လှူဒါန်းမှူအစုစုအတွက် ရေစက်သွန်းချလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

ကန်ဦးကျောင်းတိုက်သည် ကိုဗစ်ကာလအတွင်းက လူမှုကူညီမှူများကို ဆောင်ရွက်ပေးခဲ့သဖြင့် PPE ဆရာတော်ဟု လူသိများသော ဆရာတော် ဘဒ္ဒန္တ သုစရိတ( သဒ္ဒမ္မဇောတိကဓဇ) သီတင်းသုံးနေထိုင်လျက်ရှိသည့် ကျောင်းတိုက်ဖြစ်သည်။

ယင်းကျောင်းတိုက်ကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကျောင်းတိုက်ဆောက်လုပ်ရန် အခက်အခဲရှိသဖြင့် အလှူရှင်များအား ဖိတ်ခေါ်လျက်ရှိကြောင်း၊ ပါ၀င်လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် ၀၉၂၅၀၀၁၀၄၂၀၊ ၀၉၅၄၀၇၇၅၇၊ ၀၉၆၆၉၉၉၉၂၁၆၊ ၀၉၅၁၁၄၇၆၈၊ ၀၉၅၀၈၀၇၇၆၊ ၀၉၂၅၄၄၇၀၀၇၂သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *