October 20, 2024

၂၆. ၃. ၂၀၂၄
Written By Thandar

အနုပညာလောကရဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဦးလှမြင့် (ခ) ဦးအောင်အောင် ( မြင်စိုင်းသားအောင်အောင်) အသက် ၇၅ နှစ်ရဲ့ ဈာပနအခမ်းအနားကို ယနေ့ မတ်လ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲအချိန်က ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။

“သရုပ်‌ဆောင် မြင်စိုင်းသားအောင်အောင်ဆိုတာ အနုပညာလောကမှာဆိုရင်လည်း မြင်စိုင်းသားဆိုတဲ့ နာမည်တစ်လုံးနဲ့ ကြိုးစားတဲ့နေရာမှာ နှစ်ယောက်မရှိခဲ့တဲ့သူပါ။ အနုပညာလောကမှာဆိုရင်လည်း တိတိကျကျ လုပ်တယ်။ အင်မတန်မှ ကြိုးစားအားထုတ်တဲ့သူတစ်ယောက်ပါ။ ကိုအောင်ရဲ့ စိတ်ဓာတ်ကလည်း စတွေ့ကတည်းက တစ်ပုံစံတည်းပါပဲ။ သူ့ကိုအများကြီးလေးစားတယ်။ အနုပညာလောကမှာဆိုရင်လည်း သူကတကယ့်ကို စွမ်းစွမ်းတမံနဲ့ နေပူမိုးရွာ ဒုက္ခခံပြီး ကြိုးစားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူဟာ ရုပ်ရှင်လောက အနုပညာသမိုင်းမှာ မှတ်ကျောက်တင်ခံတဲ့ အနုပညာရှင်တစ်ဉီးပါ။ ဒါကြောင့် သူ့လို လူမျိုးရဲ့ နောက်ဆုံးခရီးလေးကို လာရောက်ပို့ဆောင်ပေးဖြစ်တာပါ”လို့ သရုပ်ဆောင် ဦးကျော်ဟိန်းကျော်က ပြောပါတယ်။

သူရဲ့ နောက်ဆုံးခရီး ဈာပနအခမ်းအနားသို့ တက်ရောက်ခဲ့ကြတဲ့ အနုပညာလောကက ကိုလူချောအဖွဲ့ အနုပညာရှင်တွေနဲ့အတူ  ဆွေမျိုးမိတ်ဆွေတွေက ကွယ်လွန်သူကို ရည်စူးပြီးတော့ ဘုရားအမှူးရှိတဲ့ ပင့်သံဃာတော်တွေကို ဆွမ်းအစရှိတဲ့ ဒါတဗ္ဗဝတ္ထု အစုစုတို့ကို ဆက်ကပ် လှူဒါန်း အမျှပေးဝေပေးခဲ့ပါတယ်။

မြင်စိုင်းသား‌အောင်အောင်ရဲ့ နေအိမ်ဖြစ်တဲ့ ရန်ကုန်မြို့ အမှတ် ၆၅၃ ၊ ၅လွှာ ၊ ပြည်သာယာလမ်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိနေအိမ်မှာ လာမယ့် မတ် ၃၀ ရက် နံနက် ၇ နာရီကနေ နံနက် ၁၁ နာရီအချိန်ထိ ရက်လည် ဆွမ်းသွတ်တရားတော် နာယူမှာဖြစ်ပါတယ်။

သရုပ်ဆောင် ဟေမာန်အောင်အောင်ရဲ့ ဖခင်ဖြစ်သူ သရုပ်ဆောင် မြင်စိုင်းသားအောင်အောင်က မတ် ၂၄ ရက် ၊ နံနက် ၉ နာရီ ၂၅ မိနစ်က နှလုံးရောဂါနဲ့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သာယာလမ်းရှိ နေအိမ်မှာ ကွယ်လွန်ခဲ့တာပါ။

ဒါ့အပြင် မကွယ်လွန်မီအချိန်က အာရုံကြောရောဂါကြောင့် ညာဘက်ခြေထောက်လမ်းမလျှောက်နိုင်တော့ဘဲ ဆေးကုသမှုကို ခံယူခဲ့ရတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *