၂၆. ၃. ၂၀၂၄
Written By Thandar
အမေရိကန်ပြည်ထောင်စုရှိ United Accreditation Foundation (UAF)က နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေးထောက်ခံချက်လက်မှတ် ISO 9001:2015 ပေးအပ်မှုကို ဖိုးလမင်း အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေး (ဖိုးလမင်းမြန်မာ ကုမ္ပဏီလီမိတက်)က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်မှာ ရရှိခဲ့ပြီး ဒီ ISO 9001:2015 Certificate အရည်အသွေးထောက်ခံချက်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို မတ် ၂၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ Sky Star ဟိုတယ်မှာကျင်းပခဲ့ပါတယ်။
အဆိုပါ ISO 9001:2015 Certificate ချီးမြှင့်ပေးအပ်မယ့် နိုင်ငံတကာမှတ်ပုံတင်အရည်အသွေးစစ်ဆေးရေးပညာရှင် မလေးရှားနိုင်ငံလင်ကွန်းတက္ကသိုလ်က တွဲဖက်ပါမောက္ခနဲ့ IQC Global Engineering Myanmar Co.,Ltd က မန်နေးဂျင်းဒါရိုက်တာ ဒေါက်တာသူရမွန်က ISO Certificate ရရှိတဲ့အကျိုးကျေးဇူးတွေကို ရှင်းလင်းခဲ့ပါတယ်။
အဲ့ဒီနောက် အရည်အသွေးစီမံခန့်ခွဲမှုအကြံပေးပညာရှင် ဒေါက်တာဆုဝတ်ရည်ထွန်းက ISO 9001:2015 အရည်အသွေးထောက်ခံချက်လက်မှတ်ရရှိဖို့ကြိုတင်ပြင်ဆင်သင်တန်းပေးခဲ့မှု အတွေ့အကြုံတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဖိုးလမင်းအိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးကုမ္ပဏီရဲ့ ဂုဏ်ထူးဆောင် နာယက ဦးကျော်ကျော်က ကျေးဇူးတင်စကား ပြောကြားပြီး နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေးထောက်ခံချက် လက်မှတ်ကို ဒေါက်တာသူရမွန်က ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
“ISO ရဲ့အနှစ်သာရကိုက နိုင်ငံတကာအရည်အသွေးထောက်ခံချက်လက်မှတ်ဖြစ်တယ်။ မြန်မာနိုင်ငံ ကိုယ်စားပြုတဲ့ ဖိုးလမင်းမြန်မာကုမ္ပဏီလီမိတက်အနေနဲ့လည်း နိုင်ငံတကာနဲ့ရင်ပေါင်တန်းပြီးတော့ ဘောင်ဝင်တန်းဝင်တဲ့ဝန်ဆောင်မှုတွေပေးနိုင်တယ်။ ဒီစကေးတွေအနေနဲ့လည်းကျွမ်းကျင်မှုတွေရှိတယ်ဆိုတာကို ကျွန်တော်တို့ကဒီလက်မှတ်ယူပြီးတော့ ကတိကဝတ်ပြုထားခြင်းပဲဖြစ်ပါတယ်။ ဒီလက်မှတ်ကိုယူခြင်းရဲ့ ရှေ့လုပ်ငန်းစဉ်များကို ပြည်တွင်းစျေးကွက်မှာထိုးဖောက်ပြီးတဲ့အပြင် နိုင်ငံတကာကိုဆက်လက် တိုးချဲ့ထိုးဖောက်ဖို့ ရည်ရွယ်ချက်တွေနဲ့ ဒီလက်မှတ်ကိုကြိုးစားပြင်ဆင်ရယူထားခြင်းပဲဖြစ်ပါတယ်”လို့ ဖိုးလမင်းမြန်မာကုမ္ပဏီလီမိတက်ရဲ့မန်နေးဂျင်းဒါရိုက်တာဦးဝဏ္ဏစိုးက ပြောပါတယ်။