MT News
၂၆. ၃. ၂၀၂၄
(၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် ချီတက်ကြမည့် စစ်ရေးပြစစ်ကြောင်းကြီးများအား တန်းစီကွင်းမှ စစ်ရေးပြကွင်းကြီးသို့ ချီတက်ရာလမ်းကြောင်းတစ်လျှောက် ဂုဏ်ပြုပန်းစည်းကမ်းလိုသူ မိဘပြည်သူများအနေဖြင့် တယ်လီဖုန်းဖြင့် ကြိုတင်စာရင်းပေးသွင်းထားနိုင်ပြီး မတ်လ ၂၅၊ ၂၆ ရက်နေ့များတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြား(မူရင်း)၊ ရောင်စုံလိုင်စင်ဓာတ်ပုံ(၂)ပုံတို့နှင့်အတူ လုံခြုံရေး ဝင်ခွင့်ကတ်များကို လူကိုယ်တိုင်(လူကိုယ်တိုင်) လာရောက်ထုတ်ယူကာ ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ကာ လုံခြုံရေးဆပ်ကော်မတီ (နေပြည်တော်တိုင်းစစ်ဌာနချုပ်) နေပြည်တော် ဖုန်း-ဝ၃၂-၃ဝဝဝ၉ သို့ဆက်သွယ်ရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊ (၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကျင်းပပုံများကို မတ်လ ၂၇ ရက် ညနေ ၅ နာရီ ၁၅ မိနစ်အချိန်မှစ၍ MWD HD၊ MWD VARIETY HD ၊ MRTV-HD ၊ MRTV Parliament ၊ MRTV NRC ရုပ်သံလိုင်းများနှင့် မြန်မာ့အသံရေဒီယို၊ ပတ္တမြား FM၊ ချယ်ရီ FM၊ ပဉ္စဝတီ FM၊ မန္တလေး FM၊ ရွှေ FM၊ ပုဂံ FM၊ Star FM၊ သဇင် FM တို့အပြင် MRTV APP အပါအဝင် Online တို့မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။
ထို့အတူ (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် နေပြည်တော်ရှိ တပ်မတော်ပန်းခြံ၌ ရေပန်းများ၊ မီးအလှများတပ်ဆင်ထားရှိပြီး တပ်မတော်နေ့အထိမ်းအမှတ် မီးရှူးတိုင်၊ ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံတော်ကိုထူထောင်ခဲ့သော အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းဘုရားမင်းမြတ်သုံးပါးရုပ်တုတို့အား အများပြည်သူ မည်သူမဆိုအခမဲ့ဝင်ရောက်ကြည့်ရှုအပန်းဖြေလေ့လာနိုင်ရန် တပ်မတော်ပန်းခြံအား မတ်လ ၂၈ ရက်မှ ၃၁ ရက်အထိ နေ့စဉ် ညနေ ၅ နာရီခွဲမှ ည ၉ နာရီခွဲအထိ ဖွင့်လှစ်ထားရှိမည်ဖြစ်ကြောင်း သိရသည်။
ပုံစာ။ ယမန်နှစ် တပ်မတော်နေ့မြင်ကွင်းအချို့။