၂၅.၃.၂၀၂၄
Translated by Htwe Ko Tun
ပါပူးဝါးနယူးဂီနီနိုင်ငံမြောက်ပိုင်းတွင် မတ်လ ၂၄ ရက် နံနက်အစောပိုင်းကလှုပ်ခတ်သွားခဲ့သော ပြင်းအား ရစ်ချ်တာစကေး ၆ ဒသမ ၉ ရှိ ငလျင်ကြောင့် အနည်းဆုံး လူငါးဦးသေဆုံးပြီး အိမ်ခြေ ၁,၀၀၀ ခန့် ပျက်စီးခဲ့ရကြောင်း တာဝန်ရှိသူများက မတ်လ ၂၅ ရက် နံနက်တွင် ပြောကြားခဲ့ကြသည်။
နိုင်ငံ၏ စီပစ်မြစ်ကမ်းပါးတွင်ရှိကြသော ရွာပေါင်းများစွာမှာ ငလျင်လှုပ်ခတ်သည့်အချိန်က ရေလွှမ်းမိုးမှုဒဏ်ကို ခံနေကြရကြောင်းလည်း သိရသည်။
မတ်လ ၂၅ ရက်နံနက်အထိ ငလျင်ကြောင့် သေဆုံးသူ ငါးဦးရှိသော်လည်း သေဆုံးသူအရေအတွက်မှာ မြင့်တက်လာနိုင်သေးကြောင်း ရဲမှူးကြီး ခရစ်စတိုဖာ တာမာရီက ပြောခဲ့သည်။ဓာတ်ပုံများတွင်လည်းငလျင်ကြောင့် သစ်သားအိမ်များပြိုလဲပျက်စီးကာ အနီးရှိ ဒူးအထိမြင့်သော ရေလွှမ်းမိုးနေသည့် တွင်းရေအတွင်း ပြိုလဲကျနေသည်ကိုတွေ့ကြရသည်။
Ring of Fire ဟုခေါ်သော အရှေ့တောင်အာရှနှင့် ပစိဖိတ်မြစ်ဝှမ်းတို့ကိုဖြတ်သွားသည့် ငလျင်ကြောအပေါ်တွင် ကျရောက်နေမှုကြောင့် ပါပူးဝါးနယူးဂီနီနိုင်ငံတွင် ငလျင်များမကြာခဏလှုပ်လေ့ရှိသည်။ လူဦးရေအနေကျဲသော ကုန်းမြင့်ဒေသများတွင် လှုပ်ခတ်မှုကြောင့် အပျက်အစီးကြီးမားစွာမတွေ့ရသော်လည်း ၎င်းငလျင်တို့ကြောင့် မြေပြိုကျမှုများကိုမူတွေ့ရတတ်သည်။
ပါပူးဝါး နယူးဂီနီကျွန်း၏ ကိုးသန်းခန့်ရှိသော လူဦးရေအများစုမှာလည်း နိုင်ငံ၏အဓိကမြို့ကြီးများနှင့် အခြားမြို့ များ၏အပြင်ဘက် မြေမျက်နှာသွင်ပြင်အရ သွားရေးလာရေးခက်ခဲသည့်ဒေသများတွင် နေထိုင်ကြသောကြောင့် ငလျင်ကဲ့သို့ သဘာဝဘေးဒဏ်ခံရသည့်အခါများတွင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကို ထိရောက်စွာမလုပ်နိုင်ဘဲရှိတတ်သည်။
Ref- Jakarta Post