၂၅. ၃. ၂၀၂၄
Written by Ye Kyaw
2024 ATOMEXPO Xlll အား ရုရှားနိုင်ငံ၊ Sochi မြို့ရှိ Park of Science and Arts Sirius ၌ မတ်လ ၂၅ ရက်နှင့် မတ်လ ၂၆ ရက် နှစ်ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး ယနေ့တွင် အဆိုပါပွဲ၏ ဖွင့်ပွဲအခမ်းအနားအား ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း (Rosatom) မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကျော်တို့ တက်ရောက်ခဲ့ပြီး အာရှ၊ အရှေ့အလယ်ပိုင်း၊ ဥရောပ၊ အာဖရိက၊ အရှေ့တောင်အာရှတို့ရှိ နိုင်ငံပေါင်း ၇၅ နိုင်ငံမှ တာဝန်ရှိသူများ၊ ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နျူကလီးယားဆိုင်ရာကုမ္ပဏီများမှ တာဝန်ရှိသူများ အပါအဝင် လူဦးရေ ၄၅၀၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါပြပွဲတွင် ROSATOM နှင့် ရုရှားကုမ္ပဏီများ၏ နျူကလီးယားစွမ်းအင်ဆိုင်ရာ ပြခန်းများနှင့် နိုင်ငံတကာကုမ္ပဏီများမှ နျူကလီးယားဆိုင်ရာ ပြခန်းများ ပြသခဲ့ပြီး နျူကလီးယားဆိုင်ရာ လျှပ်စစ်ထုတ်လုပ်ရေး၊ မော်တော်ကားထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ရေးကဏ္ဍတို့အပြင် အဓိကအားဖြင့် လူသားအရင်းအမြစ်ကို အကျိုးပြုစေမည့် လုပ်ငန်းအမျိုးအစားများကို ပါဝင်ပြသခဲ့သည်။
ထို့အပြင် အဆိုပါပြပွဲတွင် ROSATOM မှ စီစဉ်ဆောင်ရွက်နေဆဲဖြစ်သည့် Non-Stop Energy (စွမ်းအင်ထပ်မံဖြည့်တင်းစရာမလိုသည့်) နျူကလီးယားလျှပ်စစ်ထုတ်လုပ်ရေးဆိုင်ရာ 4 Generation အမျိုးအစားများကိုလည်း ပြသထားခြင်းဖြစ်သည်။
ROSATOM မှ ဆောင်ရွက်နေသည့် Floating Power Unit၊ Land Based Power Unit နှင့် Win Power Unit (လေအားလျှပ်စစ်)ပြသထားခဲ့ပြီး မြန်မာနိုင်ငံတွင် 3+ Generation Land Based Power Unit နှင့် Win Power Unit (လေအားလျှပ်စစ်) ဆောင်ရွက်ရန် ကိုက်ညီမှုရှိကြောင်း၊ မဂ္ဂါဝပ် ၅၀ ထွက်ရှိမည့် 3+ Generation Land Based Power Unit (နျူကလီးယားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး) သည် တည်ဆောက်ချိန်ကာလ ၄ နှစ်ကြာမြင့်မည်ဖြစ်ပြီး (ကုန်ကျစရိတ်အား အချိန်အခါအပေါ်မူတည်၍ ကွာခြားနိုင်သည့်အတွက် ထည့်သွင်းပြောကြားခြင်းမရှိ) နျူကလီးယားလောင်စာတစ်ခုသည် နှစ်ပေါင်း ၆၀ ကြာအသုံးပြုနိုင်မည်ဖြစ်ကြောင်း ROSATOM မှ တာဝန်ရှိသူများက ရှင်းပြခဲ့သည်။