September 17, 2024

၂၅. ၃. ၂၀၂၄
Written by Nay Moe

မဲစာရင်းမှန်ကန်ရေးကို ဒီ ၂၀၂၄ ခုနှစ်အတွင်း ဦးစားပေးလုပ်ကိုင်မှာဖြစ်ပြီး ရွေးကောက်ပွဲကိုလည်း တစ်ပြိုင်နက်မလုပ်နိုင်ရင် အပိုင်းလိုက်လုပ်သွားမယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဒီပြောကြားမှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ITAR-TASS Media တို့ တွေ့ဆုံမေးမြန်းချိန်မှာ ပြောကြားခဲ့တာဖြစ်ပြီး ဒီနေ့မတ်လ ၂၅ ရက်ထုတ် နိုင်ငံပိုင်သတင်းဌာနတွေမှာ ဖော်ပြခဲ့တာဖြစ်ပြီး Tass က “လေးစားရပါသော အဆွေတော်ဝန်ကြီးချုပ်ခင်ဗျာ အဆွေတော်အနေနဲ့ အစိုးရအဖွဲ့အကြီးအကဲအဖြစ် တာဝန်ယူပြီး သတ်မှတ်လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရာမှာ ပြီးမြောက်ပြီးဖြစ်တဲ့ လုပ်ငန်းစဉ်များနဲ့ မကြာမီဆောင်ရွက်မယ့်လုပ်ငန်းများကိုလည်း ပြောကြားပေးစေလိုပါတယ်။” လို့ မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဒီမေးမြန်းမှုကို SAC ဥက္ကဋ္ဌက အသေးစိတ်ဖြေကြားခဲ့သလို “ကျွန်တော်တို့ရဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတက်လာခြင်းဟာ မဲမသမာမှုကြောင့်ဖြစ်လာတဲ့ အကျိုးဆက်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီရွေးကောက်ပွဲပေါ့လေ၊ ရွေးကောက်ပွဲ မဲမသမာမှုကနေဖြစ်လာတဲ့ အကျိုးဆက်တစ်ခုဖြစ်ပါတယ်၊ ဒါ့ကြောင့် ကျွန်တော်တို့က လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲတစ်ခု ပြန်လည်ကျင်းပရေးကတော့ ကျွန်တော်တို့ရဲ့နောက်ဆုံးရည်မှန်းချက်ဖြစ်ပါတယ်၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေ ပြီးသွားပြီဆိုတာနဲ့ ရွေးကောက်ပွဲ ကျွန်တော်တို့ ပြန်လုပ်မှာဖြစ်ပါတယ်၊ အဲဒီတော့ ကျွန်တော်တို့က ဒီအရေးပေါ်ကာလတွေပြီးလို့ရှိရင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ကျွန်တော်တို့က အာဏာပြန်လွှဲမယ်၊ ပြန်လွှဲပြီးတော့ အဲဒီရဲ့ဦးဆောင်မှုနဲ့  (၆) လအတွင်းမှာ ကျွန်တော်တို့ရွေးကောက်ပွဲ ပြန်လုပ်ရမှာဖြစ်ပါတယ်၊ အဲဒီတော့ ဒီရွေးကောက်ပွဲလုပ်နိုင်ဖို့ဆိုရင် မဲစာရင်းတွေ မှားယွင်းမှုကြောင့် ဖြစ်လာတဲ့အတွက်ကြောင့် မဲစာရင်းမှန်ကန်ရေးကိုလည်း ကျွန်တော်တို့က အဓိကထားလုပ်ရမှာ၊ မဲစာရင်းမှန်ကန်ရေးကလည်း ဒီနှစ်ထဲမှာ အတတ်နိုင်ဆုံး ကျွန်တော်တို့လုပ်ပါမယ်၊ ပြည့်စုံပြီးလို့ရှိရင် တိုင်းပြည်တည်ငြိမ်မှုကောင်းပြီဆိုတာနဲ့ လုပ်နိုင်တဲ့အပိုင်းလိုက်ပေါ့ တစ်ပြိုင်နက်တည်း မဟုတ်တောင်မှ လုပ်နိုင်တဲ့အပိုင်းလိုက်ကို ဥပဒေနှင့်အညီ ကျွန်တော်တို့ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သွားဖို့ရှိပါတယ်ဆိုတာ ကျွန်တော်ပြောလိုတယ်။” လို့ ဖြေကြားခဲ့ပါတယ်။

မဲစာရင်းမှန်ကန်ရေးနဲ့ပတ်သက်ပြီး အခြေခံကျတဲ့လုပ်ဆောင်မှုအဖြစ် SAC အစိုးရက ဒီနှစ်ထဲမှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ခံဖို့လုပ်ဆောင်နေတာလည်း တွေ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *