၂၄. ၃ .၂၀၂၄
Written by Hey Mar
မကြာခဏ မိုင်းခွဲခံနေရတာကြောင့် လုံခြုံရေးအခြေအနေအရ ဒီနေ့ စတင်ကာ ပြန်လည်ပြေးဆွဲမဲ့ မော်လမြိုင်-ရန်ကုန် ရထားခရီးစဥ်တွေ ယာယီ ပြန်လည် ဖျက်သိမ်းလိုက်တယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။
မော်လမြိုင်-ရန်ကုန် အမှတ် (၈၂) အစုန်ရထားကို ၂၄ ရက်နေ့ မနက် ၆ နာရီခရီးစဥ်အတွက် ပြန်လည်ပြေးဆွဲပေးမှာမို့
အထက်တန်း လက်မှတ်တွေကို ၃ ရက်ကြိုတင် ဝယ်ယူနိုင်သလို ရိုးရိုးတန်း လက်မှတ်တွေကို ၁ ရက်ကြိုတင်ပြီး ရောင်းချပေးမှာလို့ မနေ့က မတ်လ ၂၃ ရက်နေ့မှာ မြန်မာ့မီးရထားက ကြေညာခဲ့တာပါ။
ဒီနေ့မနက်မှာတော့ လတ်တလော ရထားလမ်းပိုင်း လုံခြုံရေးအခြေနေအရ (၂၄.၃.၂၀၂၄) ရက်နေ့ မော်လမြိုင်ဘူတာကြီးက ထွက်ခွာမဲ့ အမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန် ရထားနဲ့ ရန်ကုန်ဘူတာကြီးက ထွက်ခွာမဲ့ အမှတ် (၈၁) အဆန် ရန်ကုန်-မော်လမြိုင် ရထားခရီးစဥ်တွေကို ယာယီဖျက်သိမ်းလိုက်တယ်လို့ မြန်မာ့မီးရထားက ပြန်လည်ကြေညာပါတယ်။
ဒါကြောင့် ဒီနေ့ ၂၄ ရက်နေ့အတွက်ဝယ်ယူထားတဲ့ အထက်တန်း၊ ရိုးရိုးတန်း လက်မှတ်တွေကို မော်လမြိုင်ဘူတာကြီး လက်မှတ်ရုံမှာ လက်မှတ်ခငွေတွေ ပြန်အမ်းပေးသွားမယ်လို့ သိရပါတယ်။