October 20, 2024

၂၄.၃.၂၀၂၄
Written by KL

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ မှန်ကျေးရွာတွင် အိမ်ခြေ ၁၅၀ ကျော် မီးလောင်ခဲ့ပြီး လူ ၆၀၀ ကျော် မီးဘေးသင့်ခဲ့ရမှုနှင့် ပတ်သက်၍ အကူအညီ လိုအပ်လျက်ရှိကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သည့်အသင်းအဖွဲ့များထံမှ သိရသည်။

“ရွာလုံးကျွတ်နီးပါးမီးလောင်သွားတာကြောင့် စားသောက်ရေးကော၊ နေထိုင်ရေးကော အခက်အခဲတွေ ကြုံနေရပါတယ်။ မကွေးမြို့ပေါ်က ပရဟိတတွေစုပေါင်းအလှူခံပြီး သွားလှူဖို့လည်းရှိပါတယ်”ဟု မကွေးတိုင်းဒေသကြီး လူမှုကယ်ဆယ်​ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ​ပြောသည်။

လတ်တလောတွင် မကွေးမြို့ပေါ်ရှိ လူမှုကူညီရေးအသင်းအဖွဲ့များ စုစည်းကာ အလှူငွေကောက်ခံခြင်း၊ လှူဒါန်းလိုသူများထံမှ ထောက်ပံ့ရေးပစ္စည်းများကို လက်ခံသွားမည်ဖြစ်ပြီး တစ်ပတ်အတွင်း မှန်ရွာသို့သွားရောက်ကာ မီးဘေးသင့်သူများကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး လူမှုကယ်ဆယ်​ရေးအသင်းထံမှ သိရသည်။

လတ်တလောတွင် ဖြူစင်နှလုံးသား သာရေးနာရေးကူညီမှုအသင်း(မင်းတုန်းမြို့)မှ အသင်းဝင်များက သောက်ရေသန့်များ၊ စားစရာနှင့်အဝတ်အထည်၊ စောင်များကို ထောက်ပံ့ခဲ့ပြီး နီးစပ်ရာပရဟိတအသင်းများလည်း လာရောက်ထောက်ပံ့မှုများ ရှိကြောင်း သိရသည်။

“နေအိမ်တွေအများကြီး မီးလောင်သွားတော့ နေရေးထိုင်ရေးက အခက်အခဲရှိကြပါတယ်။ အများအားနဲ့ အမြန်ဆုံးနေရာချပေးထားနိုင်ရင် အကောင်းဆုံးပေါ့ဗျာ”ဟု မီးဘေးသင့်သူများကို ကူညီပေးသူတစ်ဦးက ပြောသည်။

မတ်လ ၂၂ ရက် နံနက် ၁၁ နာရီခန့်က မှန်ကျေးရွာအနီး တောင်ကြောတွင် တောမီးလောင်ခဲ့ပြီးနောက် မီးပွားများက ရွာထဲသို့ ကျရောက်ပြီး လေတိုက်အားကောင်းသဖြင့် လူနေအိမ်များကိုပါ မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် လေဖြတ်ဝေဒနာခံစားနေရသော အသက် ၆၀ အရွယ် အမျိုးသမီးကြီးမှာ မီးလောင်သေဆုံးခဲ့ပြီး၊ နွား ၃​ကောင်၊ ဝက် ၅ ကောင်လည်း မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မီးဘေးသင့်သူ ၆၀၀ ကျော်မှာ လတ်တလောတွင် ကွင်းပြင်များ၊ ကျေးရွာဘုန်းကြီးကျောင်းတွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိကြောင်း သိရသည်။

မှန်ကျေးရွာသည် ပုသိမ်-မုံရွာလမ်းမကြီးအနောက်ဘက်ခြမ်း ရခိုင်ရိုးမအစပ်တွင် တည်ရှိပြီး ပုဂ္ဂလိကပိုင်ဆင်များ မွေးမြူကာ သစ်ထုတ်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သော ရွာတစ်ရွာလည်းဖြစ်ကြောင်း သိရသည်။

မီးဘေးသင့်ပြည်သူ ၆၀၀ ကျော်ကို လှူဒါန်းလိုပါက သုခရတနာ လူမှုကူညီကယ်ဆယ်ရေးအသင်း (သရက်) ဖုန်း- ၀၉-၂၅၆၃၂၅၃၅၀၊ ၀၉-၉၆၁၈၂၅၈၄၄၊ ဖြူစင်နှလုံးသား သာရေးနာရေး ကူညီမှုအသင်း(မင်းတုန်း) ဖုန်း- ၀၉-၄၅၄၇၈၃၃၁၅၊ ၀၉-၇၅၄၉၄၉၅၈၈ တို့ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *