October 20, 2024

၂၃.၃.၂၀၂၄
Written By Thandar

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးအ​ဖြစ် နာမည်ကြီးမင်းသား ၄ လက်ဖြစ်တဲ့ အောင်ရဲလင်း၊ ဟိန်းဝေယံ၊ ရဲရင့်အောင်၊ အေးချမ်းမောင်တို့ပါဝင်မယ့် Date With Me? စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ မတ်လ ၂၃ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ Novotel Hotel မှာ ကျင်းပခဲ့ရာ Date ခွင့်ရတဲ့ မိန်းကလေးက ကျပ်သိန်း ၇၀ တန်စိန်လက်စွပ်၊ NOTE Cosmetics တစ်ဆက် ၊ Golden Park မှာ နားခိုအပန်းဖြေခွင့် PAN အလှအပဆေးခန်းကနေ အလှပြင်ကုသမှုအခွင့်အရေးတွေ ရရှိမှာဖြစ်ပါတယ်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ပါဝင်မယ့်သူနည်းမယ်လို့ထင်ခဲ့ပေမယ့် တကယ်တမ်းတော့ အများကြီးလာလျှောက်ကြတယ်။ Reality Show ဖြစ်အောင် တင်ဆက်သွားမှာပါ။ Fan နဲ့ အနုပညာရှင်ရဲ့ တကယ့်ကို အမှတ်တရဖြစ်ရတဲ့ အစီအစဉ်လေးတစ်ခုပါ” လို့ Date with me အစီအစဉ်ကို စီစဥ်သူ ဒါရိုက်တာ လူနေက ဆိုပါတယ်။

အဆိုပါ တွေ့ဆုံပွဲအတွက် ရွေးချယ်မှုအပိုင်းမှာတော့ အနုပညာရှင်ကိုယ်တိုင် ပြိုင်ပွဲဝင်တွေထဲက တစ်ဦးကို အဆင့်တိုင်း အဆင့်တိုင်း Blind Date ရွေးချယ်မှာဖြစ်တဲ့အတွက် မည်သူမဆို ပါဝင်ယှဉ်ပြိုင်လို့ ရပါတယ်။ ဒီအစီအစဥ်မှာ ပါဝင်သူတွေကတော့ ရိုက်ကူးရေးအတွက် အချိန်ပေးရမှာဖြစ်သလို ပြိုင်ပွဲကာလတစ်လျှောက် နေရေး၊ စားရေး၊ အဝတ်အစား၊ မိတ်ကပ်အားလုံးကို Date with ME? TV Show က တာဝန်ယူသွားမှာဖြစ်သလို ဘယ်လိုငွေကြေးမှ Date with ME? အစီအစဉ်ကို ပေးစရာမလိုအပ်ဘူးလို့ သိရပါ တယ်။

“အနုပညာသက်တမ်းတစ်လျှောက်မှာ ဒါမျိုးက ပထမဆုံးဖြစ်လို့ ကျွန်တော်ကိုယ်တိုင်လည်း ရင်ခုန်နေပါတယ်။ နောက်ပြီး ပရိသတ်တွေ Fan တွေအတွက်လည်း ပျော်စရာ ရင်ခုန်စရာကောင်းမှာပါ။ ဒီအစီအစဥ်မှာ ဧည့်သည်အနုပညာရှင်တွေလည်း ပါဝင်ပြီး ကျွန်တော်မြင်တွေ့ခွင့်မရှိတဲ့ ပြိုင်ပွဲဝင် Fan Girl တွေထဲက ဘယ်သူနဲ့တွဲသင့်တယ်ဆိုတာကို ဆေးထိုးတာတွေ အတည်ပြောတာတွေ ပါဝင်မှာဖြစ်လို့ ပျော်စရာလည်း ကောင်း ရင်ခုန်စရာလည်း ကောင်းမှာပါ” လို့ သရုပ်ဆောင် အောင်ရဲလင်းက ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *