October 21, 2024

၂၃.၃.၂၀၂၄
Written by Thin Zar

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့၊ ကမ်းသာယာအနီးရှိ ရေမြောင်းထဲတွင် အလုပ်သမားမှ အလုပ်ရှင်၏သားငယ်ကို သတ်၍ မောင်တော်ဆိုင်ကယ်နှင့် ပိုက်ဆံအားယူဆောင်ပြီး ထွက်ပြေးသွားသည်ဟု ကနဦးသတင်းများအရ သိရသည်။

ဖြစ်စဥ်မှာ ဂွမြို့၊ ကင်းပုံကျေးရွာတွင် နေထိုင်သည့် အသက် ၁၃ နှစ်အရွယ် မောင်သားပုမှာ ၎င်း၏နေအိမ်တွင် အလုပ်လုပ်နေသည့် အသက် ၃၅ နှစ်ခန့် အလုပ်သမား ဇေယျာဦးနှင့်အတူ ဆပ်သွားရွာသို့ အိုးခွက်များဝယ်ရန်အတွက် မော်တော်ဆိုင်ကယ်ဖြင့် မတ်လ ၂၁ ရက်​ ညနေ ၅ နာရီခန့်တွင် နေအိမ်မှ ထွက်ခွာသွားကြောင်း သိရသည်။

ထို့နောက် မိသားစုဝင်များမှ သားဖြစ်သူပြန်မလာသောကြောင့် ဖုန်းဆက်ရာ ဖုန်းမကိုင်သောကြောင့် မိသားစုဝင်များက လူမူကွန်ရက်ပေါ်တွင် အသက် (၁၃) နှစ်အရွယ် မောင်သားပုကို တွေ့ရှိပါက ဆက်သွယ်ပေးပါရန် အသိပေးကြေညာခဲ့သည်။

“အိုးခွက်ဝယ်ဖို့ အလုပ်သမားနဲ့ ကောင်လေးကို ဆိုင်ကယ်နဲ့လွှတ်လိုက်တာ။ အဲ့ဒီမှာ အလုပ်သမားက ကလေးကိုသတ်ပြီး ပိုက်ဆံနဲ့ ဆိုင်ကယ်ယူပြီး ထွက်ပြေးတာ။ အခုအလောင်းကို တွေ့တယ်။ အလောင်းကိုတော့ တစ်နာရီကျော်နေပြီ ဆယ်လို့မရသေးဘူး။ သက်ဆိုင်ရာကအခုထိ ရောက်မလာသေးလို့” ဟု မောင်သားပု၏ မိသားစုဝင်တစ်ဦးကို MT New က ဆက်သွယ်မေးမြန်းရာတွင် ဖြေဆိုသည်။

အဆိုပါပျောက်ဆုံးသည့် မောင်သားပုမှာ ကမ်းသာယာအနီးရှိ ရေမြောင်းတွင် ယနေ့သေဆုံးလျက်သား ရုပ်အလောင်းတွေ့ရှိရပြီး ၎င်းနှင့်အတူ လိုက်ပါသွားသည့် အလုပ်သမားမှာ မော်တော်ဆိုင်ကယ်နှင့်အတူ ပျောက်ဆုံးသွားကြောင်း သိရသည်။

ဆက်လက်၍ ” ကလေးရဲ့မိဘတွေက ပိုက်လုပ်ငန်း လုပ်တာ။ ခုသတ်တဲ့သူက အလုပ်သမား။ သူက သံတွဲက။ သူ့ကို ခုထိမမိသေးဘူး” ဟု ဆိုသည်။

လက်ရှိအချိန်တွင် အိမ်ရှင်၏သားငယ်ကို သတ်ဖြတ်ကာ ငွေကြေးနှင့်ဆိုင်ကယ် လုယက်သွားဖွယ်ရှိသည့် သံသယတရားခံ အလုပ်သမား အမျိုးသားကို ရှာဖွေ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ပုံစာ။ မောင်သားပုရှင်သန်စဥ်အချိန်နှင့် ရုပ်အလောင်းတွေ့ရှိမှုနှင့် ပျောက်ဆုံးဆိုင်ကယ် မြင်ကွင်း။

Leave a Reply

Your email address will not be published. Required fields are marked *