MT News
၂၃. ၃. ၂၀၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာ တတိယအဆင့်ကအိမ်ခန်းတွေ ငှား ရမ်းနေထိုင်ခွင့် လျှောက်ထားနိုင်တယ်လို့ အိမ်ခန်းနေရာအငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဒီနေ့ကြေညာပါတယ်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းမကြီးနဲ့ ရန်ကုန်မြို့ပတ် လမ်းမကြီး လမ်းဆုံအနီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းတွေကို ရန်ကုန်တိုင်းဒေသကြီး အတွင်းနေထိုင်ပြီး နေရေးအခက်အခဲရှိတဲ့ ပြည်သူတွေ၊ အငြိမ်းစားဝန်ထမ်းတွေနဲ့ လက်ရှိတာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းတွေကို သတ်မှတ်ငှားရမ်းခနှုန်းထားနဲ့ ငှားရမ်းပေးသွားမှာဖြစ်ပါတယ်။
အိမ်ခန်းငှားရမ်းခွင့် လျှောက်ထားလိုတဲ့ပြည်သူတွေက လျှောက်လွှာတွေကို မတ်လ ၂၅ ရက်ကစပြီး ရုံးချိန်အတွင်း မိမိတို့နေထိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွေမှာဝယ်ယူပြီး သတ်မှတ်ပုံစံအတိုင်း ဖြည့်စွက်ကာ ဝယ်ယူခဲ့တဲ့နေရာမှာပဲ လျှောက် လွှာပြန်လည်တင်သွင်းရမှာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်းတွေက သက်ဆိုင်ရာဌာနအကြီးအကဲက နေရေးအခက်အခဲရှိကြောင်း ထောက်ခံချက်နဲ့အတူ ဌာနအလိုက် စုစည်းပြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှာ လျှောက်လွှာဝယ်ယူ ပြန်လည်တင်သွင်းရမှာပါ။
သုခဒဂုံပြည်သူ့ အငှားအိမ်ရာ တတိယအဆင့် အိမ်ခန်းလျှောက်လွှာတွေကို ဧပြီ ၃၀ ရက် ရုံးချိန်အတွင်း နောက်ဆုံးပြန်လည်တင်သွင်းရမှာဖြစ်ပြီး သတ်မှတ်ရက်ထက်နောက်ကျရောက်ရှိလာတဲ့ လျှောက်လွှာတွေကို ထည့်သွင်းစဉ်းစားမည်မဟုတ်ဘူးလို အသိပေးထားသလို တိုက်ခန်းလျှောက်ထားမှုနဲ့ပတ်သက်ပြီး သိလိုတာကိုလည်း ဖုန်း-၀၉-၆၉၉၉၉၈၈၁၄၊ ၀၉-၄၂၁၂၅၉၆၈၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တယ်လို့ သိရပါတယ်။
သုခဒဂုံပြည်သူ့အငှားအိမ်ရာက အခန်းတွေရဲ့ တစ်လငှားရမ်းခနှုန်းထားတွေက ပထမထပ် ၆၇,၀၀၀ ကျပ်၊ ဒုတိယထပ် ၆၀,၀၀၀ ကျပ်၊ တတိယထပ် ၅၅,၀၀၀ ကျပ်နဲ့ စတုတ္ထထပ် ၄၆,၀၀၀ ကျပ်တို့ဖြစ်တယ်လို့ ပထမအဆင့်နဲ့ဒုတိယအဆင့်အငှားချထားမှုတွေရဲ့ ကနဦးကြေညာထားချက်အရ သိရပါတယ်။