၂၃. ၃. ၂၀၂၄
Written by Hey Mar
ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က မိုင်းခွဲခံရလို့ ပျက်စီးခဲ့တဲ့ မွန်ပြည်နယ်၊ သထုံမြို့အနီးရှိ ရန်ကုန် -မော်လမြိုင် ရထားလမ်းပိုင်း သိမ်ဆိပ်ဘူတာနဲ့ ဒုံဝန်းဘူတာကြား ရထားလမ်းပိုင်းပြုပြင်မှုတွေ ပြီးစီးပြီဖြစ်တာကြောင့် ၂၄ ရက်နေ့အတွက် မော်လမြိုင်-ရန်ကုန် အစုန်အဆန် ရထားအတွက် ကြိုတင်လက်မှတ် ဝယ်ယူနိုင်ပြီလို့ မြန်မာ့မီးရထားမှ သိရပါတယ်။
မော်လမြိုင်-ရန်ကုန် အမှတ် ၈၂ အစုန်ရထားကို ၂၄ ရက်နေ့ မနက် ၆ နာရီခရီးစဥ်အတွက် ပြန်လည်ပြေးဆွဲပေးမှာဖြစ်ပြီး ရန်ကုန်-မော်လမြိုင် အမှတ် ၈၁ အဆန်ရထားလည်း ပြန်လည်ပြေးဆွဲပေးမှာလို့ သိရပါတယ်။ အဆန်ရထား အထက်တန်း လက်မှတ်တွေကို ၃ ရက်ကြိုတင် ဝယ်ယူနိုင်သလို ရိုးရိုးတန်း လက်မှတ်တွေကို ၁ ရက်ကြိုတင်ပြီး ရောင်းချပေးမှာလို့ သိရပါတယ်။
အဆိုပါ မိုင်းခွဲခံရတဲ့အတွက် ပျက်စီးသွားတဲ့ ရထားလမ်းပိုင်း ပြင်ဆင်နေတဲ့အဖွဲ့ကို နေ့စဥ်ပစ်ခတ်ခံရတာ၊ ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ပြင်ဆင်မှု မကြာခဏရပ်နားထားရလို့ ခရီးစဥ် ပို့ဆောင်မှုတွေမှာ ရက်အတန်ကြာ ကြန့်ကြာနေခဲ့ကြောင်းလည်း ဒေသခံတချို့ထံကနေ သိရပါတယ်။