October 30, 2024

MT News

Written by Tha Doe

“အဂတိ လိုက်စားမှုများလေလေ ဆင်းရဲနွမ်းပါးမှုများလေ၊ ဆင်းရဲနွမ်းပါးမှုများလေလေ အဂတိလိုက်စားမှုများလေ” ဖြစ်နေကြောင်း SAC ဥက္ကဋ္ဌ က ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ထိုသို့ အဂတိ လိုက်စားမှုများလေလေ ဆင်းရဲနွမ်းပါးမှုများလေ၊ ဆင်းရဲနွမ်းပါးမှုများလေလေ အဂတိလိုက်စားမှုများလေဖြစ်သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅)ကို ရေးဆွဲချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ထားသည်။

အဆိုပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်တွင် တားဆီးကာကွယ်ခြင်း၊ အသိပညာပေးခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းဆိုသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်သုံးရပ်ကို ဟန်ချက်ညီညီ ပေါင်းစပ်လုပ်ဆောင်ကြစေရန်ရေးဆွဲထားကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားရေးမျှော်မှန်းချက်မှာ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးနှင့် ယင်းနှင့် ဆက်စပ်ပြီး ပြည်တွင်းစီးပွားရေးမြှင့်တင်ခြင်းဖြင့် ပြည်သူတို့၏ဘဝ ဖွံ့ဖြိုးတိုးတက်ရန်ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်နှင့်အညီ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးကို ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU)များ တိုးချဲ့ဖွဲ့စည်းထားပြီးဖြစ်သည့်အတွက် သက်ဆိုင်ရာအောက်ခြေအဆင့်များကစပြီး ထိန်းသိမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထို့ပြင် အသေးစားအဂတိလိုက်စားမှုများကို ထိရောက်စွာ ဟန့်တားနိုင်ရန်အတွက် “အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme – PFP)” ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကအားဖြင့် မိမိကိုယ်တိုင်က အဂတိလိုက်စားမှုကို သတိထားရှောင်ရှားပြီး ပတ်ဝန်းကျင်၏ ပြောဆိုဝေဖန်မှုများကို ဂရုစိုက်သတိထားလုပ်ဆောင်သွားခြင်းဖြင့် အဂတိလိုက်စားမှု လျော့နည်းရာမှ လုံးဝကင်းစင်ပပျောက်သည့် လူ့ပတ်ဝန်းကျင်ကို ဖော်ဆောင်ကြရန်ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ​ပြောကြားသည်။

ထို့ပြင် အဂတိလိုက်စားမှု လျော့နည်းကျဆင်းစေရေး ဆောင်ရွက်ရာတွင် စုံစမ်းစစ်ဆေးအရေးယူမှုတစ်ခုတည်းဖြင့် ဆောင်ရွက်မည်ဆိုပါက လုံလောက်မှုမရှိနိုင်သဖြင့် အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် ယဉ်ကျေးမှုတစ်ရပ်ပေါ်ထွန်းလာစေရေးနှင့် အကျင့်ပျက်ခြစားမှုများမရှိစေရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်များကိုပါ အချိန်နှင့်တစ်ပြေးညီ အလေးထားလုပ်ဆောင်သွားကြရန် လိုအပ်မည်ဖြစ်ကြောင်းလည်း SAC ဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *