၂၃.၃.၂၀၂၄
Written by KL
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ စျေးတန်းရပ်ကွက်၊ မြနန္ဒာကန်တွင် မတ်လ ၂၂ ရက်၊ ညနေ ၅ နာရီ ၃၇ မိနစ်ခန့်က အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။
“ရေနစ်တဲ့သူက တောင်ကြီးကပါ။ ရေဆင်းချိုးရင်းကနေ ရေနစ်သွားတာ”ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ရွာငံမြို့နယ်မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရေနစ်နေသော လူငယ်ကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ရွာငံမြို့နယ်နှင့် ရွာငံမြို့နယ်မီးသတ်အဖွဲ့ဝင်များ ဒေသခံလူထုများ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ရေငုပ်ရှာဖွေခဲ့ရာ ရှာဖွေချိန် တစ်နာရီကျော်အကြာတွင် ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူလူငယ်၏ ရုပ်အလောင်းကို ရွာငံမြို့နယ် ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ် ဆယ်ရေးအဖွဲ့ ရွာငံမြို့နယ်ထံမှ သိရသည်။