၂၂.၃.၂၀၂၄
Written by Thin Zar
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ် (၈)ရပ်ကွက်၊ ပြည်တော်သာ(၅)လမ်းထိပ်ရှိ ရွှေလာဒ်ပွားလက်ဖက်ရည်ဆိုင်တွင် ထိုင်နေသည့် အုပ်ချုပ်ရေးမှူးဦးနန်းနွယ်ဦးကို ရွှေဘိုအားမာန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ PDF များက ယနေ့ လာရောက်ပစ်သတ်သွားကြောင်း သိရသည်။
ဖြစ်စဥ်မှာ မတ်လ ၂၂ ရက် နံနက် ၁၀ နာရီကျော်တွင် ရွှေလာဒ်ပွားလက်ဖက်ရည်ဆိုင်သို့ မော်တော်ဆိုင်ကယ်များဖြင့် PDF များရောက်ရှိလာပြီး ထိုဆိုင်အတွင်းရှိနေသူများ အားလုံးကို မြေပြင်သို့ ဝပ်ခိုင်းပြီးနောက် အုပ်ချုပ်ရေးမှူးတစ်ဦးကိုသာ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။
ထိုသို့ PDF များ၏ ပစ်ခတ်ခံရသည့် အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ ကျည်ထိဒဏ်ရာများရရှိ၍ အခင်းနေရာ၌ သေဆုံးခဲ့ကြောင်း၊ အဆိုပါဖြစ်စဥ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့များမှ လာရောက်စစ်ဆေးနေကြောင်း၊ အုပ်ချုပ်ရေးမှူးထံမှ သေနတ်အတုတစ်လက်အပါအဝင်အခြားပစ္စည်းများကိုလည်း PDF များက လုယက်သိမ်းယူသွားကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့ကလည်း ရန်ကုန်-ပြည်ကားလမ်းမဘေးတွင် ဖွင့်လှစ်ထားသည့် “Shine Cafe” တွင် ရဲတပ်ဖွဲ့ဝင်များ ထိုင်နေသည့် နေရာသို့ PDF များမှ ဝင်ရောက်ပြီး သေနတ်ဖြင့်ပစ်ခတ်ရာ ရဲတပ်ဖွဲ့ဝင် (၂)ဦး သေဆုံးပြီး တစ်ဦးမှာ ပြင်းထန်သည့်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဥ်များလည်းရှိခဲ့သည်။