October 20, 2024

◾ ဖြစ်စဥ်အမှန်မှာ အတက်ရောဂါကြောင့်သေဆုံးခြင်းသာဖြစ်ကာ ထိုဖြစ်ရပ်တွင် သေဆုံးသူ၏အမနှင့် အသိအမျိုးသားရှိဟု သက်သေထူ

၂၂. ၃. ၂၀၂၄
Written by Nay Moe

ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက်တွင် စစ်မှုထမ်းကိစ္စနှင့်ပတ်သက်၍ မကျေနပ်ကြောင်းပြောသည့် အမျိုးသားတစ်ဦးကို ဖမ်းသွားရာမှ နာရီပိုင်းအတွင်း သေဆုံးခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာတွင် သတင်းအမှားများ ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်ဟု သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ပြောသည်။

ဖြစ်စဉ်အမှန်မှာ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက် နံနက် ၉ နာရီအချိန်တွင် ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက်၊ ၇ လမ်းတွင် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများပါဝင်သည့်အဖွဲ့မှ လူဦးရေ ကျား၊ မ စာရင်းများ ကောက်ခံလျက်ရှိစဉ် ၎င်းလမ်းနေ ဦးသန်းထွန်းအေးမှ ပြည်သူ့စစ်မှုထမ်းစာရင်း လာကောက်သည်ဟု ထင်မြင်ပြီး အုပ်ချုပ်ရေးအဖွဲ့ဝင်များအား ဆဲဆို၍ ရိုင်းပျသောအပြုအမူ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် သက်ဆိုင်ရာသို့ အဆင့်ဆင့်သတင်းပို့ဆောင်ရွက်ခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တွေ့ဆုံရှင်းလင်းပြောပြခဲ့သော်လည်း လက်မခံသဖြင့် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက သွားရောက်ခေါ်ဆောင်ခဲ့ရာ မလိုက်နိုင်ကြောင်း၊ ကိုယ့်ဘာသာကိုယ် ရဲစခန်းလာခဲ့မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ၎င်း၏ ဆိုက်ကားဖြင့် ရဲစခန်းသို့ရောက်ရှိလာခဲ့သည်။

ထို့အတူ ၎င်း၏ အစ်မဖြစ်သူနှင့် တစ်ရပ်ကွက်တည်းနေ အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ရဲစခန်းမှ တာဝန်ကျ တာဝန်မှူးဖြစ်သူ အမျိုးသမီးဒုရဲအုပ်မှ ဖြစ်စဉ်အားမေးမြန်းနေစဉ် မူလအတက်ရောဂါရှိသူ ဦးသန်းထွန်းအေးသည် အတက်ရောဂါဖြစ်ပွားခဲ့သဖြင့် တာဝန်မှူးမှ အစ်မဖြစ်သူနှင့် အဖော်တို့အား ပြန်လည်ခေါ်ဆောင်သွားရန် ခွင့်ပြုပေးခဲ့ပြီး အစ်မဖြစ်သူမှ ကျေးဇူးတင်ကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား ကျေနပ်အောင် တောင်းပန်မည်ဖြစ်ကြောင်း ပြောဆို၍ ပါလာသော ဆိုက်ကားဖြင့် ပြည်သူ့ဆေးရုံသို့ ၉ နာရီခွဲအချိန်တွင် ရောက်ရှိခဲ့ပြီး ဆေးကုသမှုများခံယူနေစဉ် အတက်ရောဂါကြောင့် နံနက် ၁၁ နာရီခွဲ အချိန်ခန့်တွင် သေဆုံးခဲ့ကြောင်း သိရှိရသည်ဟု သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *