October 30, 2024

အမိုနီယမ်နိုက်ထရိတ်များသယ်ဆောင်လာမှုကို ဖမ်းဆီးမိသည့်မြင်ကွင်းများအား တွေ့ရစဥ်

MT News
၉. ၁၂. ၂၀၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် ကျပ် ၂၇၀၇ သိန်းကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း အမိုနီယမ်နိုက်ထရိတ်များ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဖြစ်စဥ်မှာ ဒီဇင်ဘာ ၇ ရက် ည ၉ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နောင်ချိုမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မန္တလေး-လားရှိုးသွား ကားလမ်းတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် အေးသိန်း(ခ)ကိုသိန်း မောင်းနှင်လာသည့် FUSO အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ အမိုနီယမ်နိုက်ထရိတ် အလေးချိန် ၁၆၀၈၀ ကီလို (ဒေသကာလပေါက်ဈေးတန်ဖိုး ကျပ် ၁၄၄၇ ဒသမ၂ သိန်း) နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့ ည ၁၀ နာရီခွဲအချိန် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ နောင်ချိုမြိုနယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မန္တလေး-လားရှိုးသွားကားလမ်းတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် စိုးမြတ်ကျော်(ခ) မောင်စိုး မောင်းနှင်ပြီး အောင်အောင်(ခ)အားလုံ လိုက်ပါလာသည့် Nissan Diesel အမျိုးအစား ၁၂ ဘီးမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ အမိုနီယမ်နိုက်ထရိတ် အလေးချိန် ၁၄၀၀၀ ကီလို (ဒေသကာလ ပေါက်ဈေးတန်ဖိုးသိန်း ၁၂၆၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်းများနှင့်စပ်လျဉ်း၍ အေးသိန်း(ခ)ကိုသိန်း (၃၆)နှစ်၊ စိုးမြတ်ကျော် (ခ)မောင်စိုး(၃၆)နှစ်နှင့် အောင်အောင်(ခ)အားလုံ(၃၆)နှစ်တို့အား နောင်ချိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *