October 20, 2024

၂၂. ၃. ၂၀၂၄
Written by Ye Kyaw

အထည်ချုပ်အလုပ်သမားများ သင်္ကြန်ရုံးပိတ်ရက် နေရပ်ပြန်ရာတွင် လမ်းခရီး၌ အဆင်ပြေစေရန် အထည်ချုပ်စက်ရုံများအနေဖြင့် အလုပ်သမားများကို မိမိစက်ရုံ၌ လုပ်ကိုင်ကြောင်း ထောက်ခံစာပြုလုပ်ပေးရန် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ မတ်လ ၂၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

အသင်းဝင်စက်ရုံ/ကုမ္ပဏီများအနေဖြင့် မိမိတို့စက်ရုံတွင် တာဝန်ထမ်းဆောင်နေသည့် သင်္ကြန်ကာလရုံးပိတ်ရက်များတွင် နေရပ်ပြန်မည့် ဝန်ထမ်းများ လမ်းခရီးသွားလာ အဆင်ပြေချောမွေ့စေ‌ရေးအတွက် စက်ရုံ/ကုမ္ပဏီများအနေဖြင့် ထောက်ခံ စာပြုလုပ်ပါက ပြုလုပ်/ရေးသားပေးနိုင်ရန်အတွက် နမူနာစာကိုပါ ပူးတွဲထုတ်ပြန်ပေးထားသည်။

ပူးတွဲထုတ်ပြန်ချက်အရ စက်ရုံပိုင်ရှင်များအနေဖြင့် ထောက်ခံစာပြုလုပ်ပေးရာတွင် ကျွန်တော်/ကျွန်မတို့၏ (————– Co,.Ltd)သည် CMP လက်ခစား အထည်ချုပ်လုပ်ငန်းဖြစ်ပြီး အောက်ဖော်ပြပါဝန်ထမ်းသည် မိမိတို့၏စက်ရုံတွင် လုပ်ကိုင်နေသော ဝန်ထမ်းလုပ်သားဖြစ်ပါသည်။ အထည်ချုပ်လုပ်ငန်းတွင် လုပ်ကိုင်နေသည့် အဆိုပါဝန်ထမ်းလုပ်သား ခရီးသွားလာရာတွင် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်ဟု ဖော်ပြထားရမည်ဖြစ်သည်။

ထို့နောက်တွင် အလုပ်သမား၏ အမည်၊ မှတ်ပုံတင်အမှတ်၊ လူမှုဖူလုံရေးအမှတ်၊ ကုမ္ပဏီဝန်ထမ်းအမှတ်၊ လုပ်ကိုင်သည့်ဌာန၊ လက်ရှိနေရပ်လိပ်စာ၊ အမြဲတမ်းနေရပ်လိပ်စာတို့ကို ဖော်ပြထားရမည်ဖြစ်ပြီး ကုမ္ပဏီမှတာဝန်ရှိသူ၏ လက်မှတ်၊ ရာထူး၊ ကုမ္ပဏီရုံးတံဆိပ်တုံး ရိုက်နှိပ်ထားရမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *