October 20, 2024

၂၂. ၃. ၂၀၂၄
Written by Ye Kyaw

ဒေါ်လာဈေး ၃၇၁၀ အထိ မြင့်တက်လာချိန် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် Online Trading Platform မှ ဒေါ်လာ ၅ သန်းနှင့် ထိုင်းဘတ် သန်း ၅၀ ကို ယနေ့ မတ်လ ၂၂ ရက်တွင် ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအတွက် Online Trading Platform မှတစ်ဆင့် ဖေဖော်ဝါရီ ၂ ရက်တွင် ဒေါ်လာ ၅ သန်းနှင့် ထိုင်းဘတ်သန်း ၅၀၊ မတ်လ ၅ ရက်တွင် တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ် ၁၂ သန်း၊ မတ်လ ၉ ရက်တွင် ထိုင်းဘတ်သန်း ၅၀၊ မတ်လ ၁၄ ရက်တွင် ဒေါ်လာ ၅ သန်း ထုတ်ရောင်းထားပြီးဖြစ်၍ တစ်လခွဲကျော်တွင် Online Trading Platform မှတစ်ဆင့် နိုင်ငံခြားငွေ လေးကြိမ်ရောင်းချပေးခဲ့မှု ဒေါ်လာ ၁၀ သန်း၊ တရုတ်ယွမ် ၇ သန်းနှင့် ထိုင်းဘတ် ၁၁၂ သန်း ထုတ်ရောင်းထားပြီးဖြစ်သည်။

ထို့ပြင် Online Trading Platform မဟုတ်သည့် နိုင်ငံခြား ငွေဈေးကွက်သို့ ဇန်နဝါရီ ၁ ရက်မှစ၍ မတ်လ ၄ ရက်အထိ နှစ်လကျော်အတွင်း ဒေါ်လာ ၁၅ ကြိမ်ထုတ်ရောင်းပေးထားပြီး အဆိုပါ ၁၅ ကြိမ်အတွင်း ဒေါ်လာ ၁၄၉ ဒသမ ၃၁ သန်း ထုတ်ရောင်းပေးထားသလို ဇန်နဝါရီ ၁၉ ရက်မှစ၍ မတ်လ ၄ ရက်အထိ တစ်လခွဲအတွင်း ထိုင်းဘတ်သန်း ၁၃၀၀ ထုတ်ရောင်းပေးထားသည်။

အလားတူ ဇန်နဝါရီ ၁ ရက်တွင် အမေရိကန်ဒေါ်လာ ၄ သန်းနှင့်ညီမျှသော တရုတ်ယွမ်ငွေအား SWAP Facility (ကျပ်ငွေကို အပေါင်ယူပြီး ၎င်းနှင့်ညီမျှသော နိုင်ငံခြားငွေထုတ်ပေးခြင်း) စနစ်ဖြင့် ဗဟိုဘဏ်က ထုတ်‌ရောင်းပေးထားခြင်းလည်းဖြစ်သည်။

နိုင်ငံခြားငွေဈေးကွက်သို့ မဟုတ်ဘဲ သီးခြားအနေဖြင့် လူသုံးကုန်နှင့် ‌ဆေးဝါးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့် ဆက်သွယ်ရေးပိုင်းဆိုင်ရာ သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ ၁ ဒသမ ၄ သန်း၊ တရုတ်ယွမ် ၄ ဒသမ ၂ နှင့် ထိုင်းဘတ် ၁၃ ဒသမ ၅ သန်း ရောင်းချပေးခဲ့သလို စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် လိုအပ်သည့် ဒေါ်လာများကို နှစ်ကြိမ်ထုတ်ရောင်းပေးခဲ့မှု စုစုပေါင်းပမာဏ ဒေါ်လာ ၂၂ ဒသမ ၁၅ သန်းရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ဒေါ်လာနှင့် နိုင်ငံခြားငွေများ ရောင်းချပေးနေခြင်းအပြင် ငွေလဲကောင်တာများကိုလည်း ရှောင်တခင် ဝင်ရောက်စစ်ဆေးကာ Money Changer လိုင်စင်များကို ယာယီဆိုင်းငံ့ခြင်းနှင့် ပိတ်သိမ်းခြင်းများကိုပါ ဆောင်ရွက်နေသော်လည်း ငွေလဲလှယ်နှုန်းများ ဆက်လက်မြင့်တက်လျက်ရှိကာ ယနေ့တွင် တစ်ဒေါ်လာကျပ် ၃၇၁၀ အထိမြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ပုံစာ- မတ်လ ၂၀ ရက်တွင် ဗဟိုဘဏ်က Online Trading Platform မှတစ်ဆင့် ရောင်းချပေးခဲ့သည့် ငွေလဲလှယ်နှုန်းနှင့် နိုင်ငံခြားငွေပမာဏကို တွေ့ရစဉ်။

Leave a Reply

Your email address will not be published. Required fields are marked *