October 20, 2024

၂၁.၃.၂၀၂၄.
Translated by Htwe Ko Tun

ကာရေဘီယံပင်လယ်ဒေသအတွင်းရှိ ဟေတီကျွန်းနိုင်ငံ၏မြို့တော် ပို့တ်အော်ပရင့်စ်၏ ဆင်ခြေဖုံးဒေသများတွင် မတ်လ ၂၀ ရက် နံနက်ပိုင်းမှစ၍ လက်နက်ကိုင်ဂိုဏ်းအုပ်စုများက တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြရာ မြို့တော်အနီး တစ်ချိန်က အေးချမ်းတည်ငြိမ်လှသော လူ့အဖွဲ့အစည်းများအကြား ကြီးမားစွာပစ်ခတ်တိုက်ခိုက်သံများဖြင့် ဆူညံနေကြောင်း သိရသည်။

အေပီသတင်းဌာန၏သတင်းထောက်များထံမှ ရေးသားချက်များအရ ဆင်ခြေဖုံးဒေသများအတွင်းနှင့် ပတ်ဝန်းကျင်တွင်အနည်းဆုံး သေဆုံးနေသူအလောင်းငါးလောင်းကို တွေ့ကြရပြီး လက်နက်ကိုင်ဂိုဏ်းများက ထိုနယ်မြေများအတွင်းသို့ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားကြသည်ဟု ဆိုသည်။

အဆိုပါနယ်မြေများအတွင်းမှ ပြည်သူများက ဟေတီအမျိုးသားရဲတပ်ဖွဲ့၏ အကူအညီကို တောင်းခံလျက်ရှိကြသော်လည်း ရဲတပ်ဖွဲ့မှာ လူအင်အားနည်းပါးကာ ဂိုဏ်းများက ၎င်းထက်လက်နက်လူသူအင်အား သာလွန်သည့်အခြေအနေသို့ ရောက်နေရသည်။

ပို့တ်အော်ပရင့်စ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေမှုကြောင်ံ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံသားများအား ပို့တ်အော်ပရင့်စ်မှ ရဟတ်ယာဉ်ဖြင့်ကယ်တင်မှုကို ပထမအသုတ်အဖြစ်လုပ်ဆောင်ခဲ့ပြီဟု မတ်လ ၂၀ ရက် မွန်းလွဲပိုင်းတွင် ကြေညာခဲ့သည်။ အမေရိကန်နိုင်ငံသား ၁၅ ယောက်ကျော်ကို ဒိုမီနီကန်သမ္မတနိုင်ငံမြို့တော် ဆန်တိုဒိုမင်ဂိုသို့ ပို့ပေးခဲ့ကြောင်းလည်းသိရသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စီစဉ်သော ရဟတ်ယာဉ်များဖြင့် နေ့စဉ် အမေရိကန် နိုင်ငံသား ၃၀ ကျော်ကို ပို့တ်အော်ပရင့်စ်မြို့မှ ကယ်ဆယ်ပျံသန်းမည်ဟုလည်း သတင်းများကဆိုသည်။

ထို့ပြင် ဖ‌လော်ရီဒါပြည်နယ်နေထိုင်သူ ၃၀၀ ကျော်ခန့်လည်းဟေတီနိုင်ငံအတွင်း ရောက်ရှိနေကြရာ ၎င်းတို့ကို အခက်အခဲ၊ဘေးအန္တရာယ်များကြားမှပင် ပြန်လည်ကယ်ထုတ်နိုင်ရေးဆောင်ရွက်နေကြောင်းလည်း ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွန် ဒီဆန်တိစ်က ပြောခဲ့သည်။

ပို့တ်အော်ပရင့်စ်တွင် လက်နက်ကိုင်ဂိုဏ်းများ၏ အကြမ်းဖက်တိုက်ခိုက်မှုများက မတ်လ ၂၀ ရက်တွင် နှစ်ရက်ရှိလာပြီဖြစ်ပြီး အနည်းဆုံး လူ ၁၂ ဦးအသတ်ခံခဲ့ရကာ ဘဏ်များ၊ ကျောင်းများနှင့် စီးပွားရေးလုပ်ငန်းများလည်း တိုက်ခိုက်လုယက်ခံနေရသည်။ လက်နက်ကိုင်များက ရဲစခန်းများကိုလည်း ပစ်ခတ်တိုက်ခိုက်ကာ ဟေတီနိုင်ငံ၏ အဓိကအပြည်ပြည်ဆိုင်ရာလေဆိပ်အား အကြမ်းဖက်ပိတ်ထားစေခဲ့သည်။ နိုင်ငံ၏အကြီးမားဆုံး အကျဉ်းထောင်နှစ်ခုကိုလည်း ဝင်ရောက်တိုက်ခိုက်ကာ အကျဉ်းသား ၄,၀၀၀ ကျော်ကို လွှတ်ပေးခဲ့ကြောင်းလည်း သိရသည်။

ဟေတီနိုင်ငံအတွင်း လက်နက်ကိုင်ဂိုဏ်းများက ဖေဖော်ဝါရီလ ၂၉ ရက်မှစတင်ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း လူအများအပြားသေဆုံးကာ ပြည်သူ ၁၇,၀၀၀ ခန့်မှာ အိုးအိမ်များ စွန့်ခွာထွက်ပြေးနေရသည်။

Ref-AP

Leave a Reply

Your email address will not be published. Required fields are marked *