October 20, 2024

၂၁.၃.၂၀၂၄
Written By Thandar

Myanmar Idol’s Host တစ်ယောက်နေရာကနေ သရုပ်ဆောင်ပိုင်းမှာ ပရိသတ်အားပေးချစ်ခင်မှု များစွာရရှိလာတဲ့ သရုပ် ဆောင် ကျော်ထက်အောင်ကတော့ တစ်ခါတလေ ဝတ္ထုတွေရဲ့ လူဆိုးဇာတ်ကောင်ရော လူကောင်းနေရာပါ သဘောကျပြီ စီးမျောခံစားတတ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်က ဟိုးအရင်ထဲက စိတ်အာဟာရဖြစ်စေမယ့် စာအုပ်တွေဆိုရင် သိပ်သဘောကျတယ်။ ရသ၊ သုတပဲဖြစ်ဖြစ် သိပ်သဘောကျပါတယ်။ ခုလိုအချိန်မှာ စိတ်ပိုင်းဆိုင်ရာ ဝမ်းနည်းနေတယ်။ စိတ်ပိုင်းဆိုင်ရာ အားနည်းနေသူအတွက် စာအုပ်တွေက ဖတ်ရတာ ပိုအရေးပါလာတယ်။ နှလုံးသားအာဟာရဆိုတဲ့ ဆရာဖေမြင့်ရဲ့ စာတွေကတော့ မစိမ်းခဲ့ပါဘူး။ စာရေးဆရာမခင်ခင်ထူးရဲ့ စာပေတွေ စတာတွေ အများကြီး သဘောကြတယ်။ ကျွန်တော်ကတော့ စာအုပ်ကို လက်နဲ့ကိုင်ဖတ်ရတာ ပိုသဘောကြတယ်။ ကျွန်တော်က စာအုပ်တစ်အုပ်ဖတ်ရင် ဇာတ်ကောင်တစ်နေရာမှာ စီးမျောသွားတတ်တာမျိုးပေါ့။ တစ်ခါတလေ ဝတ္ထုတွေရဲ့ လူဆိုးဇာတ်ကောင်ရော လူကောင်းနေရာပါသဘောကြပြီး စီးမျောခံစားတတ်တယ်” လို့ ကျော်ထက်အောင်က ပြောပါတယ်။

သူဟာတော့ ယခင် စာပေဗဟုသုတအနေနဲ့ ဗုဒ္ဓဟူးနေ့တိုင်း ကျွန်တော်ချစ်သော ကဗျာ၊ ကျွန်တော်ချစ်သောစာပေ၊ ကျွန်တော်ချစ်သော အနုပညာဆိုပြီး Page လေးမှာ စာတွေအမြဲဖတ်ပြပြီး တင်ပေးလေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။ တချို့ ခွင့်ပြုချက်တွေ လိုအပ်လာတဲ့နောက်ပိုင်းမှာ ကလောင်ရှင်က ခွင့်ပြုခြင်းတွေလိုအပ်တာကြောင့်ရယ် အချိန်မရတာတွေကြောင့် စာဖတ်တင်ဆက်တာကို ရပ်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။

“ဘယ်မှာသာတဲ့ လ ဆိုတဲ့ ဝတ္ထုလေး ကျွန်တော် ကိုယ်တိုင်ရေးနေပါတယ်။ ဘဝရဲ့ ဖြစ်ရပ်မှန် တစ်ဝက်၊ စိတ်ကူးယဉ်ဆန်တာတစ်ဝက် ရောရေးနေတာပါ။ စာလေးတစ်ကြောင်းရေးဖို့ကလည်း မုဒ်လာမှဆိုတော့လေ ကြာနေတာပါ။ ဒီအကြောင်း တရားတွေကို ရင်ထဲပြန်တွေးနိုင်မှမို့ မုဒ်က  တော်တော် မရတော့တာပါ။ သူက နိုင်ငံခြားထွက်သွားတဲ့ သူ့အတွက် ရည်ရွယ်ရေးဖြစ်တာပါ။ သူက လက်ရှိအချိန်မှာတော့ သူ့ဘာသာ သူ့ နေမင်းကြီးနဲ့ ထိန်ထိန်သာနေပါပြီ” လို့ သူကဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *