October 18, 2024

ပြည်တွင်း ရော်ဘာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဥ် (Photo-MRPPA)

၉. ၁၂. ၂၀၂၂
Written by Ye Kyaw

နိုင်ငံတော်အနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများသို့ ချေးငွေထုတ်ချေးပေးရန် စီမံဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် ပြည်တွင်းနှစ်ရှည်ပင် ရော်ဘာကဏ္ဍတွင် ပါဝင်သည့် MSME လုပ်ငန်းများသည် ချေးငွေရယူရန် အချက်အလက် ပြည့်စုံမှုမရှိသေးသဖြင့် အခက်အခဲရှိနေကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။

“နှစ်ရှည်ပင်တွေအတွက်ကတော့ ချေးငွေကိုထုတ်ပေးမယ်လိုတော့ မူဝါဒတော့ရှိတယ်။ ဒါပေမဲ့ ဘယ်လိုဘယ်ပုံ ထုတ်ပေးရမယ်ဆိုတာ နည်းနည်းပြဿနာရှိတယ်။ ချေးငွေဆိုတာက ချေးငွေပေးရင် သူတို့သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ ပြည့်စုံရမယ်။ ဒီအခြေအနေမျိုး ရှိတယ်။ ကျွန်တော်တို့ ရော်ဘာမှာကျတော့ ပိုင်ဆိုင်မှုမှန်ကန်မှုရှိဖို့အတွက် အစိုးရရဲ့ ဥပဒေထဲကပေါ့။ ပိုင်ဆိုင်မှုမှန်ကန်ရမယ်လို့။ နောက်ပြီးတော့ ချေးငွေပေးတဲ့အခါမှာ မီးအာမခံတို့ဘာတို့ ဒါတွေလိုအပ်တယ်။ နောက်ပြီးတော့ အခွန်ဆောင်ထား မဆောင်ထား အများကြီးပဲ။ အဲဒါတွေ ပြည့်စုံဖို့အတွက်ကတော့ ကျွန်တော်တို့ ရော်ဘာကဏ္ဍမှာ လိုအပ်နေသေးတယ်” ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးခိုင်မြင့်က ပြောသည်။

ထိုသို့ အချက်အလက်ပြည့်စုံရန် အားနည်းချက်ကြောင့် ရော်ဘာကဏ္ဍမှာ ယခင် NLD အစိုးရဟောင်းလက်ထက်တွင် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီမှ ထုတ်ချေးပေးခဲ့သည့် ချေးငွေကဏ္ဍတွင်လည်း ချေးငွေရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

“ရော်ဘာကဏ္ဍက မရပါဘူး။ ဘယ်တုန်းကမှမရခဲ့ဘူး” ဟု ဦးခိုင်မြင့်က ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်း ရော်ဘာစိုက်ပျိုးဧက ၁,၆၄၀,၀၀၀ ဝန်းကျင် စိုက်ပျိုးထားပြီး ထုတ်လုပ်မှုဧက ရှစ်သိန်းခွဲခန့်ရှိကာ တစ်နှစ်လျှင် ရော်ဘာတန်ချိန် လေးသိန်းခန့် ထွက်ရှိနေကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသည်။ ယင်းတို့အနက် အသေးစားလုပ်ငန်း ခြံငယ်ရှင်လုပ်ငန်းအရေအတွက် ၉၂ ရာခိုင်နှုန်းရှိပြီး အလတ်စားလုပ်ငန်း ခြံကြီးရှင်လုပ်ငန်း ရှစ်ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

လက်ရှိတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေများထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ထိုက်သင့်သည့် အတိုးနှုန်းဖြင့် ချေးငွေထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာ့ကော်ဖီဈေးကွက်ရရှိရေး စီမံဆောင်ရွက်ပေးမည့်အပြင် ချေးငွေလည်း ထုတ်ချေးပေးမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ဒီဇင်ဘာ ၂ ရက်တွင် ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များနှင့် တွေ့ဆုံစဥ် ပြောကြားခဲ့သည်။

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကို ကျပ်ဘီလျံ ၄၀၀ နှင့် မတည်ထူထောင်ပေးထားပြီး မကြာမီကာလတွင် အသေစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေကိုလည်း ထပ်မံထူထောင်ပေးရန် ဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ဘဏ္ဍာရေးကော်မရှင်၏ အစည်းအဝေး ၂/၂၀၂၂ တွင် ပြောကြားထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *