၂၁. ၃. ၂၀၂၄
Written by HeyMar
ကာားပျက်လို့ လမ်းပေါ်ရပ်ထားတဲ့ တွဲကားကို ဆိုင်ကယ်က နောက်ကနေဝင်တိုက်တာကြောင့် ဆိုင်ကယ်မောင်းနှင်လာသူ နေရာတင်သေဆုံးခဲ့တဲ့ဖြစ်စဥ် မနေ့က မတ်လ ၂၀ ရက် ည ၉ နာရီ ၃၀ မိနစ်ခန့်က နေပြည်တော်၊ ဇေယျသီရိမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံလူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
ဖြစ်စဥ်က ဇေယျာသီရိမြို့နယ်၊ နန်းသြကျေးရွာအုပ်စု၊ သိုက်ချောင်းလမ်းဆုံအနီး မိုင်တိုင်အမှတ် ၂၃၃/၁ အနီးမှာ ဖြစ်ပွားခဲ့ပြီး၊ ယာဥ်မောင်း ဝေယံဟိန်း (၂၈ နှစ်) မောင်းနှင်တဲ့၊ ယာဥ်အမှတ် 7N/6096 FENE ၂၄ ဘီး အဝါရောင်ယာဥ်ဟာ နောက်တာယာ ၂ လုံးပွင့်ထွက်သွားတာကြောင့် ရပ်ထားစဥ် ရေဆင်းဘက်ကနေ သိုက်ချောင်းဘက်ကို ကိုဇော်မိုက် (၃၆ နှစ်) ကုလားရွာကျေးရွာ၊ ပုဗ္ဗသီရိမြို့နေထိုင်သူ၊ စီးနင်းမောင်းနှင်လာတဲ့ 82W/18539 HONDA အမဲရောင်ဆိုင်ကယ်က အရှိန်မထိန်းနိုင်ဘဲ ကားနောက်ပိုင်းကို ဝင်ရောက်တိုက်မိတာလို့ သိရပါတယ်။
ဖြစ်စဥ်ကို မြေပြင်အကူအညီသွားရောက်ခဲ့ ကရုဏာရှင်လူမှုကူညီရေးအသင်းတာဝန်ရှိသူက “ကားက လမ်းပေါ်ရပ်ထားတာပါ။ သစ်ကိုင်းတွေတော့ ချထားပါတယ်။ ဆိုင်ကယ်သမားက ဖုန်းပြောရင်းမောင်းလာတော့ တိုက်မိတာ” လို့ MT News ကို ပြောပါတယ်။
အဆိုပါ ယာဥ်မတော်တဆမှုဖြစ်စဥ်ကြောင့် ဆိုင်ကယ်မောင်းနှင်သူ ကိုဇော်မိုက်မှာ ရရှိတဲ့ ဒဏ်တွေနဲ့ အခင်းဖြစ်နေရာတင် သေဆုံးသွားခဲ့တာကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေအပြီးမှာ ရုပ်အလောင်းကို နေပြည်တော်ကုတင်(၁၀၀၀) ဆေးရုံဆီ ပို့ဆောင်ထားရှိခဲ့တယ်လို့ သိရပါတယ်။
ယာဥ်မတော်တဆမှုဖြစ်စဥ်ကို အမှုဖွင့်အရေးယူဆောင် ရွက်နိုင်ရေးအတွက် နေပြည်တော်ယာဥ်မှုစစ်က ဆက်လက်စစ် ဆေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။