၂၁. ၃. ၂၀၂၄
Written by Nyein Kyaw
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိသော Vladimir Vladimirovich Putin ထံသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က မတ်လ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲကို မတ်လ ၁၅ ရက်မှ ၁၇ ရက်အထိ ပြုလုပ်ခဲ့ပြီး သမ္မတလောင်း ၄ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲရေတွက်မှု ၁၀၀ ရာခိုင်နှုန်း ပြီးစီးချိန်တွင် Vladimir Vladimirovich Putin က ၈၇ ဒသမ ၂၈ ရာခိုင်နှုန်း၊ Nikolai Mikhailovich Kharitonov က ၄ ဒသမ ၃၁ ရာခိုင်နှုန်း၊ Vladislav Andreevich Davankov က ၃ ဒသမ ၈၅ ရာခိုင်နှုန်း၊ Leonid Eduardovich Slutsky က ၃ ဒသမ ၂၀ ရာခိုင်နှုန်း အသီးသီးရရှိခဲ့ပြီး Vladimir Vladimirovich Putin က ပြတ်သားသည့် မဲရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။
ထိုသို့ အနိုင်ရရှိသွားသော Vladimir Vladimirovich Putin ထံသို့ မြန်မာနိုင်ငံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် ကမ္ဘာ့နိုင်ငံအသီသီးမှ နိုင်ငံ့ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့သည်ဟု ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မီဒီယာများဖြစ်ကြသည့် TASS သတင်းဌာန၊ Izvestiya သတင်းဌာန၊ Moscow-24 သတင်းဌာန၊ Arguments and Facts သတင်းစာ၊ Kommersant သတင်းစာ၊ Krasnaya Vesna သတင်းအေဂျင်စီနှင့် Vedomosti အင်တာနက်သတင်း စာမျက်နှာတို့၌ မတ်လ ၁၈ ရက်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။