၂၀.၃.၂၀၂၄
Written by KL
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ နောင်ချို – ရပ်စောက်လမ်းမကြီး၊ ဒုဌ၀တီအဆင်းလမ်း လေးထပ်ကွေ့ တွင် ဆီသယ်ယာဥ်တစ်စီး ချောက်ထဲကျ တိမ်းမှောက်ခဲ့ရာ ယာဥ်မောင်းတစ်ဦးသေဆုံးခဲ့မှု မတ်လ ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲက ဖြစ်ပွားခဲ့သည်။
မန္တလေးမှလာသော ဆီသယ်ယာဥ်မှာ ပေ ၄၀၀ ခန့်နက်သော ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ အသက် ၃၈ နှစ်အရွယ် ယာဥ်မောင်းမှာ ဦးခေါင်းကို ကျောက်တုံးဖြင့် ရိုက်မိပြီး နဖူးကွဲ၍ အခင်းနေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် မေတ္တာရောင်ခြည်လူမှုကူညီရေးအသင်း(ကံကြီး)ထံမှ သိရသည်။
” ယာဥ်မောင်းက ကားပေါ်မှာ တစ်ဦးတည်းပဲ။ မောင်းလာရင်း တိမ်းမှောက်ခဲ့တာ။ အသင်းက အဖွဲ့ဝင် ၂ ဦးရယ်၊ တောင်ရှည် မီးသတ်တပ်ဖွဲ့က တပ်ဖွဲ့ဝင်၂ ဦးရယ် ချောက်ထဲဆင်း အလောင်းကို ကြိုးတွေနဲ့ချည်ပြီး အပေါ်က လူ ၁၅ ယောက်အားနဲ့ ခက်ခက်ခဲခဲ ဆွဲတင်ခဲ့ရပါတယ်”ဟု မေတ္တာရောင်ခြည်လူမှုကူညီရေးအသင်း(ကံကြီး)မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။
သေဆုံးသူယာဥ်မောင်း၏ရုပ်အလောင်းကို နောင်ချိုမြို့ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။