၂၀.၃.၂၀၂၄
Translated by Htwe Ko Tun
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၏ အာရှတိုက် ခြေစစ်ပွဲပွဲစဉ်တစ်ရပ်အဖြစ် ဂျပန်ဘောလုံးအသင်းက မြောက်ကိုရီးယားဘောလုံးအသင်းနှင့် မတ်လ ၂၆ ရက်တွင် ပြုံယမ်းမြို့၌ကစားမည့် အဝေးကွင်းပွဲသို့ သွားရောက်အားပေးခြင်းမပြုကြရန် ဂျပန်ဘောလုံးပရိသတ်များအား သတိပေးခဲ့သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက X လူမှုကွန်ရက်၌ “အားလုံးသိကြတဲ့အတိုင်း မြောက်ကိုရီးယားအနေဖြင့် ဂျပန်အပေါ်ရန်လိုသော အမြင်ရှိသည်ဖြစ်ရာ ပြည်သူများအနေဖြင့် ပြုံယမ်းမြို့တွင်ကစားရမည့်ပွဲသို့ သွားရောက်ခြင်းမပြုရန် အကြံပေးပါကြောင်း”ဟု ဖော်ပြခဲ့သည်။
အဆိုပါပွဲက ၂၀၁၁ ခုနှစ်တွင် ၎င်းတို့နှစ်နိုင်ငံကစားခဲ့ကြသည့်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံကြခြင်းလည်းဖြစ်သည်။
ဂျပန်အသင်းက မြောက်ကိုရီးယားအသင်းနှင့် ခြေစစ်ပွဲ အိမ်ကွင်းပွဲစဉ်အဖြစ် မတ်လ ၂၁ ရက်တွင် တိုကျိုမြို့၌ စတင် ကစားကြမည်လည်းဖြစ်သည်။
ဂျပန်အစိုးရက ၎င်း၏နိုင်ငံသားများအား မြောက်ကိုရီးယားအသင်းနှင့် ပြုံယမ်းမြို့ပွဲစဉ်သို့ မသွားရောက်ကြရန် သတိပေးအကြံပြုထားသော်လည်း တားမြစ်ထားခြင်းမျိုးကားမရှိခဲ့ပေ။ ၎င်းတို့နှစ်နိုင်ငံအကြား သံတမန်ဆက်သွယ်ရေးလည်း မရှိကြချေ။ ဂျပန်ပရိသတ်မည်မျှခန့်သွားရောက်ကြမည်မှာ သေချာမသိရသော်လည်း သွားရောက်မည့်သူများအနေနှင့်ကား ပြည်ဝင်ခွင့်ဗီဇာ လိုအပ်မည်ဖြစ်သည်။
ဂျပန်ဘောလုံးအသင်းနှင့်အတူ အစိုးရအရာရှိကြီး ၁၄ ဦးနှင့် ဂျပန်သတင်းမီဒီယာအနည်းငယ်လိုက်ပါမည်ဟုလည်းသိရသည်။
Ref- CNA