၂၀.၃.၂၀၂၄
Written by Hey Mar
Honda Fit အမျိုးအစားယာဉ်ငယ်တစ်စီး ပေ ၇၀ ခန့် နက်တဲ့ ချောင်းထဲ အရှိန်လွန်ထိုးကျရာက နှစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာ ရရှိခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ မတ်လ ၂၀ ရက် မနက် ၇ နာရီ ၃၀ မိနစ်ခန့်က ရှမ်းပြည်နယ်၊ မိုင်းယောင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မိုင်းယောင်းမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းကနေ သိရပါတယ်။
ဖြစ်စဉ်က ရှမ်းပြည်နယ်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းဟန်ကျေးရွာအနီး၊ မိုင်တိုင်အမှတ်(၃၂/၂)နဲ့ (၃၂/၃)ကြားမှာဖြစ်ပွားခဲ့ပြီး Honda Fit အမျိုးအစား(အဖြူရောင်)ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ ပေ(၇၀)ခန့်နက်တဲ့ မိုင်းဟန်ချောင်းထဲကို ထိုးကျတိမ်းမှောက်ခဲ့တာလို့သိရပါတယ်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၃)ဦး စုစုပေါင်း (၅)ဦးအနက် ကျား(၂)ဦး သေဆုံးခဲ့ပြီး မ(၃)ဦး ထိခိုက်ဒဏ်ရာ( စိုးရိမ်ရ) ရရှိခဲ့တယ်လို့ အခင်းဖြစ်နေရာကိုရှာဖွေကယ်ဆယ်ရေး မြေပြင်အကူအညီသွားရောက်ခဲ့တဲ့ မိုင်းယောင်းမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှသိရပြီး ဒဏ်ရာရှိသူတွေနဲ့ သေဆုံးသူရုပ်အလောင်းတွေကို ကြက်ခြေနီအသင်းယာဉ်နဲ့ မိုင်းယောင်းမြို့နယ်ပြည်သူ့ဆေးရုံဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။