၉. ၁၂. ၂၀၂၂
Written by Ye Kyaw
လက်ရှိဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း စားသုံးသူဈေးဆနှုန်း (CPI) ၁၉၉ ဒသမ ၅၀ အထိရှိလာပြီး ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကြားကာလတူထက် ၁၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေတွင် ဖော်ပြထားသည်။
လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ ဇွန်လအထိ ပထမသုံးလပတ်တွင် စားသုံးသူဈေးဆနှုန်း (CPI) ၁၉၉ ဒသမ ၅၀ အထိရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကြားကာလ၏ ပထမသုံးလပတ်တွင် စားသုံးသူဈေးဆနှုန်း (CPI) ၁၈၁ ဒသမ ၄၆ သာ ရှိသည်။ အဆိုပါ ကာလနှစ်ခုကို နှိုင်းယှဥ်ပါက စားသုံးသူဈေးဆနှုန်း (CPI) ၉ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
အဆိုပါကာလနှစ်ခုကို နှိုင်းယှဥ်ကြည့်ပါက လက်ရှိဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် စားသုံးသူဈေးဆနှုန်း ၁၈၇ ဒသမ ၄၈ အထိရှိလာပြီး ၃၀ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးမြင့်တက်ခဲ့သည်။ သဘာဝဓာတ်ငွေ့နှင့် အခြားလောင်စာဆီကဏ္ဍတွင် စားသုံးသူဈေးဆနှုန်း ၂၃၃ ဒသမ ၂၂ အထိရှိပြီး ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ကျန်းမာရေးကဏ္ဍတွင် စားသုံးသူဈေးဆနှုန်း ၂၀၁ ဒသမ ၆၂ အထိရှိလာပြီး ၇ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့သည်။ အရက်နှင့် ဆေးရွက်ကြီးကဏ္ဍတွင် စားသုံးသူဈေးဆနှုန်း ၁၉၀ ဒသမ ၀၅ အထိရှိလာပြီး ခြောက်ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ပညာရေးကဏ္ဍတွင် ၃ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက် တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ ခုတွင် နမူနာအိမ်ထောင်စုပေါင်း ၃၂,၆၇၀ နီးပါးကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။
၂၀၁၂ ခုနှစ် အခြေခံနှစ်အနေဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်းအမျိုးအစားများသည် အများသုံးစွဲသည့် ကုန် ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးစားပေါင်း ၄၃၈ မျိုးပါဝင်ကြောင်း ဖော်ပြထားသည်။
စားသုံးသူဈေးဆနှုန်းတွက်ချက်ရန်အတွက် အစားအစာအုပ်စုတွင် ၁၀၈ မျိုးနှင့် အစားအစာမဟုတ်သော အုပ်စုတွင် ကုန်ပစ္စည်းအမျိုးအစား ၁၆၆ မျိုးရွေးချယ်ခဲ့ပြီး စုစုပေါင်း ၂၇၃ မျိုးသို့ တိုးချဲ့ကောက်ယူတွက်ချက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်ထားသည်။